Sunday, 13 November 2022

မြန်မာနိုင်ငံသမိုင်းကြောင်းအကျဉ်း

 မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် တွေ့ရှိရသော ပရိုင်းမိတ်များ၏ မေးရိုးအပိုင်းအစများအရ မြန်မာနိုင်ငံ ၏ သမိုင်းကြောင်းသည် လွန်ခဲ့သော နှစ်သန်းပေါင်း ၄ဝ က စတင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ထို့အတူ ပုံတောင်နယ်တွင် တွေ့ရသဖြင့် ပုံတောင်ဂျီးယား(Pondaungia)ဟု အမည်ပေးထားသော တွေ့ရှိချက်နှင့် မိုးကောင်းရွာအနီးတွင် တွေ့ရှိသဖြင့် မိုးကောင်းဂျင်စစ် (Mogaungensis) ဟု အမည် ပေးထားသော တွေ့ရှိချက်များအရ မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်သန်းပေါင်း ၄ဝကာလ ကပင် လူသားမျိုးနွယ်စုများ နေထိုင်နေပြီဟု သတ်မှတ်ရမည် ဖြစ်ပေသည်။ မြန်မာနိုင်ငံ၊ ပုံတောင်‌ဒေသတွင် တွေ့ရှိခဲ့သော အဆင့်မြင့် ပရိုင်းမိတ်သည် ယခင်နှစ်သန်း ၄၀ သက်တမ်းရှိပြီး၊ အရုဏ်ဦး လူဝံ (Dawn Ape) ဟုခေါ်၍ Amphipithecus ဟုအမည်ပေးထားခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ အခြားသော နိုင်ငံများကဲ့သို့ပင် ကျောက်ခေတ် ကာလကို ဖြတ်ကျော်ခဲ့သည်။ ကျောက်ခေတ်ဟောင်းလူသားများသည် မြန်မာနိုင်ငံ အလယ်ပိုင်း ဧရာဝတီမြစ်ရိုး တစ်လျှောက်တွင် အလယ်ပလိုင်စတိုဆင်းခေတ် (Middle Pleistocene) ကတည်းက စတင်နေထိုင်ခဲ့ကြသည်။ 

၉၀၀၀ ဘီစီ (ယခင်နှစ် ၁၁၀၀၀) တွင် ကျောက်ခေတ် ဟောင်း နှောင်းပိုင်းကာလနှင့် ကျောက်ခေတ်သစ်ဦးပိုင်းကာလ ယဉ်ကျေးမှုသည် ပြဒါးလင်းဂူ တွင် ထွန်းကားခဲ့သည်။ ကျောက်ခေတ်သစ်လူသားများသည် ၅၇၄၀ ဘီစီ (ယခင်နှစ် ၇၇၄၀) မှ ၄၅၇၀ ဘီစီ(ယခင်နှစ် ၆၅၇၀)အထိ ပြဒါးလင်းဂူ တွင် နေထိုင်ခဲ့ကြသည်။ ကျောက်ခေတ်သစ် လက်နက်များကို တောင်ဘက် တနင်္သာရီမှ မြောက်ဘက် ပူတာအိုအထိ ၊ အနောက်ဘက် ရခိုင်ရိုးမတောင်ခြေမှ အရှေ့ဘက် သံလွင်မြစ်အထိ ကျယ်ပြန့်စွာ တွေ့ရှိခဲ့ရသည်။

ရှေဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၏ တူးဖော်သုတေသနပြုချက်များ အရ ၉၀၀ ဘီစီခန့်တွင် ကြေးခေတ်နှောင်းပိုင်းကာလ လူ့အဖွဲ့အစည်းသည် ဘုတလင်မြို့နယ်၊ ညောင်ကန်ဒေသတွင်လည်းကောင်း ၊ ၇၁၀ ဘီစီခန့်တွင် သံခေတ်ဦးကာလ လူ့အဖွဲ့အစည်း တစ်ရပ်သည် တောင်သမန်ဒေသတွင်လည်းကောင်း ၅၃၀ ဘီစီမှ ၉၀ ဘီစီအတွင်း သံခေတ် လူ့အဖွဲ့အစည်း တစ်ရပ်သည် မန္တလေးတိုင်း၊ ရမည်းသင်းခရိုင် ၊ ပျော်ဘွယ်မြို့နယ်၊ ရွာထင် ကုန်းရွာတွင် လည်းကောင်း ပေါ်ထွန်းခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့သဖြင့် မြန်မာနိုင်ငံတွင် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် ယဉ်ကျေးမှုများ တစ်ဆက်တစ်စပ်တည်း ဖြစ်ပေါ်တည်ရှိ ခဲ့ကြောင်း မှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်သည်။

ယင်းနောက် ၁၀၀ ဘီစီမှ အေဒီ ၉ရာစုအတွင်း ပျူခေတ်တစ်ခေတ်တည်ရှိခဲ့ပြီး မြို့ပြများစတင် တည်ထောင်နိုင်ခဲ့ကြသည်။ ပျူတို့၏ ဗဟိုဌာနများမှာ ဟန်လင်း၊ သရေခေတ္တရာနှင့် ဗိဿနိုး မြို့ဟောင်းများဖြစ်ကြသည်။ ပျူတို့အနေဖြင့် ကျောက်ချပ်များ၊ ရွှေပေများ၊ အရိုးအိုးများ၊ အုတ်ခွက်များစသည့် ဝတ္ထုပစ္စည်းများပေါ်တွင် ကိုယ်ပိုင်စာပေဖြင့် မှတ်တမ်းတင် ရေးထိုး နိုင်ခဲ့ပေသည်။ ပျူလူမျိုးများသည် မြို့ပြများ ထူထောင်လျက် ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင် ယဉ်ကျေးမှုဖြင့် ကြီးကျယ်ခမ်းနားစွာနေထိုင် နိုင်ခဲ့ကြသည်။

အေဒီ ၁၀၇ ခုနှစ်တွင် သမုဒ္ဒရာဇ်မင်းသည် ပုဂံ ၁၉ ရွာကို အခြေပြု၍ ဧရာဝတီမြစ်မှ ၇ မိုင် အကွာ ယုန်လွှတ်ကျွန်းအရပ်၌ မင်းပြုခဲ့သည်။ ပျူစောထီးမင်းလက်ထက် အေဒီ ၁၆၇ ခုနှစ်တွင် အရိမဒ္ဒနာ ဟုခေါ်တွင်စေခဲ့သည်။ အေဒီ ၃၄၄ ခုနှစ်တွင် နန်းတက်သော သေဉ်လည်ကြောင်မင်း လက်ထက်တွင် အဆိုပါရွာ ၁၉ ရွာကို ဖျက်၍ လောကနန္ဒာအရပ်၌မြို့တည်ပြီး သီရိပစ္စယာဟူ၍ သမုတ်ခဲ့သည်။ 

အေဒီ ၅၁၆ ခုနှစ်တွင် နန်းတက်သော သိုက်တိုင်မင်းလက်ထက်တွင် သီရိ ပစ္စယာမှ ရွာစိုက်သို့ ပြောင်းရွှေ့မြို့တည်ခဲ့ပြီး တမ္ပဝတီဟူ၍ သမုတ်ခဲ့သည်။ ရှေးဟောင်းခေတ် မြန်မာနိုင်ငံတွင် ပေါ်ထွန်းခဲ့သောမြို့ပြနိုင်ငံများသည် ၉ ရာစုပတ်ဝန်းကျင်တွင်ဖရိုဖရဲဖြစ်လျက် အခြေအနေ ယိမ်းယိုင် နေခဲ့ရသည်။ ဤအခြေအနေမှာပင် နောက်ထပ်နိုင်ငံသစ်တစ်ခု ထူထောင် နိုင်ရေး ခေတ်ဟောင်းနိုင်ငံသားများက ကြိုးပမ်းခဲ့ရာမှ အေဒီ၈၄၉ ခုနှစ်တွင် ပျဉ်ပြားမင်းက ပုဂံမြို့ကို စတင်တည်ထောင်ခဲ့သည်။

ပုဂံမင်းဆက် ၅၅ ဆက်အနက် ၄၂ ဆက်မြောက်ဖြစ်သော အနော်ရထာမင်း (အေဒီ ၁၀၄၄-၁၀၇၇ ) လက်ထက်တွင် စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းလမ်းအမျိုးမျိုးကို အသုံးပြုပြီး ပထမမြန်မာနိုင်ငံတော်ကြီးကို ထူထောင်ခဲ့ရာမှ ကမ္ဘာ့မြေပုံတွင် မြန်မာနိုင်ငံဟု ကမ္ပည်းမော်ကွန်း တင်နိုင်ခဲ့ပြီး ပုဂံခေတ်ကို ထူထောင်နိုင်ခဲ့သည်။ နရသီဟပတေ့မင်း (‌အေဒီ ၁၂၅၆ - ၁၂၈၇ ) လက်ထက်စီးပွားရေးအရ အကြပ်အတည်း ဖြစ်လာသည့်အတွက် နိုင်ငံရေးအခြေအနေမှာလည်း မခိုင်မမြဲဖြစ်လာခဲ့ရသည်။ ဧကရာဇ်၏ ဩဇာအာဏာမခိုင်မြဲသဖြင့် လက်အောက်မှတော်လှန် ပုန်ကန်မှုများဖြစ်လာခဲ့ရသည်။ 

၁၂၇၇ ခုနှစ်တွင် မွန်ဂိုတပ်များနှင့် ပုဂံတပ်များ စတင်တိုက်ခိုက် ခြင်းဖြင့် မွန်ဂိုကျူးကျော်စစ် စတင်ခဲ့ရသည်။ ဒလစားကျော်စွာ (၁၂၈၇ -၁၂၉၈ ) ပုဂံထီးနန်းကို ဆက်ခံချိန်တွင် ကျောက်ဆည်လယ်တွင်း ၁၁ ခရိုင်တွင် စီးပွားရေးနှင့် အုပ်ချုပ်ရေးအင်အား ကြီးမားလာသော ရှမ်း-မြန်မာ မင်းညီနောင် သုံးဦးနှင့် ရင်ဆိုင်လာခဲ့ရတော့သည်။ ၁၃၂၅ ခုနှစ်တွင် စောနှစ်၏ သားတော် စောမွန်နစ် ပုဂံထီးနန်းဆက်ခံချိန်မှစ၍ ပုဂံနိုင်ငံတော်၏ အုပ်ချုပ်ရေးမှာ ပြယုဂ်မျှသာဖြစ်ခဲ့ပြီး ၁၃၆၈ ခုနှစ်တွင် ပြိုကွဲခြင်းသို့ ရောက်ရှိခဲ့ရသည်။

ရှမ်း-မြန်မာ မင်းညီနောင်သုံးဦးဖြစ်သော အသင်္ခယာ၊ ရာဇသင်္ကြံ ၊ သီဟသူတို့အနက် အငယ်ဆုံးဖြစ်သော သီဟသူသည် ၁၃၁၂ ခုနှစ်တွင် ပင်းယမြို့ကို တည်ထောင်၍ ဝိဇယပူရဟု ခေါ်တွင်စေခဲ့ပြီး မင်းနေပြည်တော်အဖြစ် ပြုလုပ်ခဲ့သည်။ သီဟသူတွင် ဉဇနာ၊ကျော်စွာ၊ နော်ရထာ၊ အသင်္ခယာစောယွမ်းနှင့် တရဖျားကြီးစသည့် ထက်မြက်သော သားတော်များရှိခဲ့သည်။ သားတော်တစ်ပါးဖြစ်သူ အသင်္ခယာစောယွမ်းသည် စစ်ကိုင်းကိုဗဟိုပြု၍ မြောက်ဘက်ဒေသများကို စုစည်းတည်ထောင်ရာမှ စစ်ကိုင်းသည် ပဒေသရာဇ်နိုင်ငံအသစ်အဖြစ် ၁၃၁၅ ခုနှစ်မှစ၍ ထင်ရှားလာခဲ့သည်။ သို့သော် ၁၃၆၄ ခုနှစ်တွင် ရှမ်းပဒေသရာဇ် သိုချည်ဘွားခေါင်းဆောင်သော တပ်များသည် တကောင်း၊ ပင်းယနှင့်စစ်ကိုင်းတို့အား အပြင်း အထန်လာရောက်တိုက်ခိုက်ခဲ့ရာ ထိုနှစ်အတွင်း ပထမဆုံးအနေဖြင့် စစ်ကိုင်း ဆက်လက်၍ ပင်းယစသည့် နိုင်ငံငယ်များ အသီးသီး ပျက်သုဉ်းခဲ့ရသည်။

ပင်းယနှင့်စစ်ကိုင်းပျက်၍ နိုင်ငံကို ပြန်လည်စည်းရုံး ထူထောင်ခဲ့သူမှာ စစ်ကိုင်း၊ အသင်္ခယာ စောယွမ်း၏ မျိုးရိုး တကောင်းစား သတိုးမင်းဖျားဖြစ်သည်။ သတိုးမင်းဖျားသည် ၁၃၆၄ ခုနှစ်တွင် ကျည်အင်း၊ ကျောက်မော်အင်း၊ အင်းတူးအင်း၊ ဥန္နဲအင်းတို့ကို ဖို့၍ ၎င်းအင်းတို့၏ အဝတွင် မြို့တည်ခဲ့သည့်အတွက် အင်းဝဟူ၍ လည်းကောင်း၊ အဝဟူ၍ လည်းကောင်း ခေါ်တွင်စေခဲ့သည်။ 

အဝကိုတည်ထောင်ခဲ့ပြီးနောက် သတိုးမင်းဖျားသည် နိုင်ငံအဝန်းကိုလှည့်တိုက်ခိုက်သိမ်းသွင်းခဲ့ရာမှ သတိုးမင်းဖျားနှင့် ထိုမင်းကို ဆက်ခံသော မင်းများ၏ ကြိုးပမ်းမှုကြောင့် အင်းဝခေတ် (၁၃၆၄-၁၅၅၅) ကိုထူထောင်နိုင်ခဲ့ကြသည်။ အင်းဝဖွံ့ဖြိုးတိုးတက်ချိန်တွင် တစ်ဖက်တွင်လည်း ပဲခူး (ဟံသာဝတီ)သည်လည်း ပေါ်ထွန်း လာခဲ့သည်။ မကြာမီကာလတွင် မြန်မာပြည်တောင် ဘက်ပိုင်းရှှိပဲခူး (ဟံသာဝတီ) ပဒေသရာဇ် တို့နှင့် အင်အားချင်းယှဉ်ပြိုင်သော ကြာညောင်းလှသည့် အင်းဝ - ဟံသာဝတီအနှစ် ၄၀ စစ်ပွဲကြီးအား ပြည်သူပြည်သားတို့ ကြုံတွေ့လာခဲ့ကြရသည်။

ဒုတိယမင်းခေါင်၏ သားတော်ရွှေနန်းကြော့ရှင်နရပတိ(၁၅၀၁-၁၅၂၇) လက်ထက်တွင် မူ အဝ၏ အခြေအနေမှာများစွာ ယိမ်းယိုင်နေခဲ့ပြီဖြစ်သည်။ တောင်ငူအင်အားတောင့်တင်းလာ သဖြင့် ရွှေနန်းကြော့ရှင်သည် ရေလွှဲငါးခရိုင်ကို တောင်ငူသို့ ပေးခဲ့ရသည်။ ဤကဲ့သို့ အခြေအနေများ ယိမ်းယိုင်ပျက်ပြားနေစဉ် (၁၅၂၆-၁၅၂၇)အတွင်း အဝကို မိုးညှင်းစလုံနှင့် သားသိုဟန်ဘွားတို့ ချီတက်၍ တိုက်ခိုက်ရာ ရွှေနန်းကြော့ရှင်ကျဆုံးခဲ့ပြီး အဝထီးနန်းကို သိုဟန်ဘွား (၁၅၂၇-၁၅၄၂) ကသိမ်းယူအုပ်စိုးခဲ့သည်။ တောင်ငူ၌ ၁၅၃၀ ပြည့်နှစ်တွင် မင်းကြီးညိုအနိစ္စရောက်၍ သားတော်တပင်ရွှေထီးနန်းတက်လာခဲ့ပြီးနောက် တပင်ရွှေထီးသည် ညီညွတ်သော နိုင်ငံတော်တစ်ရပ် တည်ဆောက်ရန် အင်အားစုဆောင်းခဲ့သည်။ ထိုမှဘုရင့်နောင် လက်ထက်တွင် ဟံသာဝတီ လက်အောက်သို့ လုံးဝကျရောက်ခဲ့ရပြီး အင်းဝပဒေသရာဇ်နိုင်ငံ ပျက်သုဉ်းခဲ့ရသည်။

ဘုရင့်နောင်သည် တစ်တိုင်းပြည်လုံးကို ဩဇာဖြန့်လျက်သိမ်းသွင်းစည်းရုံးခဲ့ရာ အေဒီ ၁၆ရာစုနှစ်ဦး၌ မြန်မာနိုင်ငံတွင် ပြိုင်ဘက်ကင်းသော ဧကရာဇ်ဖြစ်လာခဲ့ပြီး ဒုတိယ မြန်မာနိုင်ငံတော်ကြီးကို ထူထောင်နိုင်ခဲ့သည်၊၊ တစ်နိုင်ငံလုံးကို သိမ်းပိုက်ရရှိပြီးနောက် မြန်မာပြည်အရှေ့ဘက်၊ အနောက်ဘက် မြောက်ဘက်နှင့် အရှေ့တောင်ဒေသများကိုလည်း မိမိ၏ လက်နက်နိုင်ငံအဖြစ် သိမ်းသွင်းခဲ့ရာမှ ရာမညတိုင်း ဟံသာဝတီပြည်ဖြစ်လာခဲ့သည်။ 

သို့သော် ဘုရင့်နောင်၏ လက်အောက်ခံနယ်ပယ်တိုင်းနိုင်ငံတို့မှ အစဉ်အမြဲ ငြိမ်ဝပ်နေကြသည် မဟုတ်ဘဲ အခွင့်သာလျှင် သာသလို ခြားနားပုန်ကန်မှုများ ပြုနေသည့်အတွက် ဘုရင့်နောင်၏ အုပ်ချုပ်ရေး သက်တမ်းတစ်လျှောက် နှိမ်နှင်းရေး စစ်ပွဲများကို မပြတ်မလပ်ဆင်နွှဲနေရခြင်းဖြင့်သာ အချိန်ကုန်လွန်ခဲ့ရသည်။ နန္ဒဘုရင်လက်ထက် ၁၅၉၉ခုနှစ်တွင် တောင်ငူမင်း၊ ရခိုင်မင်းတို့ ပူးပေါင်း၍ ဟံသာဝတီ ကို လုပ်ကြံခဲ့ရာ ဟံသာဝတီနေပြည်တော် ယိုယွင်းပျက်သုဉ်းခဲ့ရသည်။

ဟံသာဝတီနေပြည်တော် ပျက်ယွင်းချိန်တွင် ဘုရင့်နောင်၏ သားတော်ညောင်ရမ်းမြို့စား မင်းရဲ နန္ဒမိတ်သည် လေးနှစ်တိုင်တိုင်လူသူကင်း၍ ယိုယွင်းပျက်စီးလျက်ရှိသော အဝမြို့ကို မြို့သစ်တည်ထောင်၍ အထက်တစ်လွှားကို စုစည်းသိမ်းသွင်းခဲ့ရာမှ ညောင်ရမ်းခေတ် (အေဒီ ၁၆၀၀- ၁၇၅၂ ) ကို စတင်ထူထောင်ခဲ့ပြန်သည်။ ၁၇၃၃ ခုနှစ် မဟာ ဓမ္မရာဇာဓိပတိ အဝထီးနန်းရသည်နှင့် နန်းတွင်း၊ ပြည်တွင်းနှင့် ပြည်ပအန္တရာယ်များ စုပြုံကျရောက်လာသည်။ 

အဝ၏ အခြေအနေမှာ တောင်ဘက်တွင် ဟံသာဝတီသားတို့၏ ပုန်ကန်မှု ၊ အဝအနီးမတ္တရာ၊ အုတ်ဖိုဘက်တွင် ကုဏ္ဏအိန် ဦးဆောင်သော ပုန်ကန်မှုနှင့် အနောက်ဘက်နယ်စပ်ကို မကြာခဏ ထိပါးလေ့ရှိသော မဏိပူရ (ကသည်း)တို့၏ ထိပါးနှောင့်ယှက်မှုများကြုံတွေ့ လာခဲ့ရသည်။ ၁၇၅၁ခုနှစ်တွင် ဟံသာဝတီဗညားဒလ (ဦးအောင်လှ)၏ ညီတော်ဥပရာဇာ၏ တပ်များသည် အဝကိုဦးတည်၍ ကြည်းကြောင်း၊ ရေကြောင်းဖြင့် ချီတက်တိုက်ခိုက်ခဲ့ရာ ၁၇၅၂ခုနှစ် ဧပြီလတွင် ဟံသာဝတီမင်း၏ ညီတော် ဥပရာဇာ၏ တပ်များ လက်တွင်းသို့ ကျရောက်ခဲ့ကာ အဝဧကရာဇ် နိုင်ငံတော်ပျက်သုဉ်းခဲ့ရတော့သည်။

ဤအခြေအနေတွင် အလောင်းမင်းတရားကြီးသည် ပြိုကွဲလျက်ရှိသော တစ်နိုင်ငံလုံးအား ပြန်လည်စုစည်း၍ တတိယမြန်မာနိုင်ငံတော်၊ ကုန်းဘောင်ခေတ် (အေဒီ ၁၇၅၂ - ၁၈၈၅ )အား ထူထောင်နိုင်ခဲ့သည်။ ကုန်းဘောင်ခေတ်အတွင်း အင်္ဂလိပ်တို့နှင့် ၁၈၂၄-၁၈၂၆ ခုနှစ်တွင် ပထမစစ်ပွဲ၊ ၁၈၅၂ ခုနှစ်တွင် ဒုတိယစစ်ပွဲ၊ ၁၈၈၅ခုနှစ်တွင် တတိယစစ်ပွဲများ ဖြစ်ပွားခဲ့ပြီး မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ်ကိုလိုနီဘဝသို့ ကျရောက်ခဲ့ရာမှ ၁.၁.၁၈၈၆ မှ ၂၀.၅.၁၉၄၂ အထိ ဗြိတိသျှကိုလိုနီခေတ် (ပထမ)ပိုင်းကို ကြုံတွေ့ခဲ့ရပြန်သည်။ 

 ထိုမှ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ဂျပန်တို့၏ အကူ အညီဖြင့် မြန်မာတစ်နိုင်ငံ လုံးအား ပြန်လည်သိမ်းပိုက်ခဲ့ရာမှ အစပြု၍ ၂၁.၅.၁၉၄၂ မှ ၇.၅.၁၉၅၄ အထိ ဂျပန်ခေတ်ကို လည်းကောင်း၊ ဖက်ဆစ်ဂျပန်တို့အား ပြန်လည်တော်လှန် တိုက်ခဲ့ရာမှ ၈.၅.၁၉၄၅ မှ ၃.၁.၁၉၄၈ အထိ ဗြတိလျှကိုလိုနီခေတ် (ဒုတိယပိုင်း)ကို လည်းကောင်း ထပ်မံကျော်ဖြတ်ခဲ့ရပြန်သည်။ ထိုမှ ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် လွတ်လပ်ရေးရရှိခဲ့ပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ်သို့ ပြန်လည်ရောက်ရှိခဲ့ရသည်။

လွတ်လပ်ရေးရရှိပြီးနောက် မြန်မာနိုင်ငံသည် ဖဆပလအစိုးရကာလ (၄.၁.၁၉၄၈ မှ ၂၇.၁၀.၁၉၅၈ ထိ) ၊ အိမ်စောင့်အစိုးရကာလ (၂၈.၁၀.၁၉၅၈ မှ ၃.၄.၁၉၆၀ထိ) ၊ ပြည်ထောင်စု အစိုးရကာလ (၄.၄.၁၉၆၀ မှ ၁.၃.၁၉၆၂ ထိ) တော်လှန်ရေးကောင်စီအစိုးရကာလ (၂.၃.၁၉၆၂ မှ ၁.၃.၁၉၇၄ ထိ) ၊ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီကာလ (၂.၃.၁၉၇၄ မှ ၁၇.၉.၁၉၈၈ထိ) ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ကာလ (၁၈.၉.၁၉၈၈ မှ ၁၄.၁၁.၁၉၉၇ ထိ) ၊ နိုင်ငံတော် အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကာလ (၁၅.၁၁.၁၉၉၇ မှ ၃၁.၃.၂၀၁၁ထိ) ဒီမိုကရေစီ ပထမ အစိုးရကာလ (၁.၄.၂၀၁၁ မှ ၃၁.၃.၂၀၁၆ ထိ)၊ ဒီမိုကရေစီ ဒုတိယအစိုးရကာလ (၁.၄.၂၀၁၆ မှ ၃၁.၁.၂၀၂၁ ထိ) စသည့် ကာလအသီးသီကို ဖြတ်သန်းခဲ့ပြီး ယခုအခါ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ (၁.၂.၂၀၂၁ မှ ယနေ့ထိ) ၏ ဦးဆောင်မှုဖြင့် ချီတက် လျက်ရှိ နေပေသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးမိန့်ခွန်း(၁၃-၇-၁၉၄၇)

 

 

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က ဦးအောင်ဆန်းသည် မြို့တော်ခန်းမ လေသာဆောင်မှ ဖစ်ရှ်ရင်ပြင် (ယခု မဟာဗန္ဓုလပန်းခြံ) ရှိ ပရိသတ်ကို နောက်ဆုံးအကြိမ် မိန့်ခွန်း ပြောကြားခဲ့သည်။ သူသည် ထိုစဉ်က ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်၏ လက်အောက်တွင် ဖွဲ့စည်းသည့် ကြားဖြတ်အစိုးရ၏ ခေါင်းဆောင် (ယခင်က ကာကွယ်ရေးနှင့် နိုင်ငံခြားရေးရာ ဝန်ကြီးနှင့် အမှုဆောင်ကောင်စီ၏ ဒုတိယ ဥက္ကဌ) ဖြစ်ခဲ့သည်။ 

ဤမိန့်ခွန်း ပြောကြားပြီး ရက်သတ္တပတ် တစ်ပတ် မပြည့်မီ ဦးအောင်ဆန်းနှင့် အမှုဆောင်ကောင်စီဝင်များ အားလုံးလိုလိုပင် လုပ်ကြံခံ လိုက်ရသောအခါ မြန်မာပြည်၏ အရေးကြီးသော အလှည့် အပြောင်း ကာလတွင် ခေါင်းဆောင်များကို ဆုံးရှုံးခဲ့ရသည်။ 

ထိုနှစ်အစောပိုင်းက ဦးအောင်ဆန်းနှင့် ကလီမန့်အက်တလီ၏ ဗြိတိသျှ အစိုးရတို့ သဘောတူညီထားခဲ့သည့် အတိုင်း ၁၉၄၇ ခုနှစ် ဧပြီလတွင် မြန်မာပြည်၏ အနာဂတ်ကို အဆုံးအဖြတ်ပေးမည့် တိုင်းပြုပြည်ပြု လွှတ်တော်တစ်ရပ် ဖြစ်ပေါ်လာစေရန် ရွေးကောက်ပွဲများ ကျင်းပခဲ့သည်။ 

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလက ကျင်းပခဲ့သော ပင်လုံညီလာခံတွင် တောင်တန်းဒေသကို ပြည်မဒေသထဲတွင် သွတ်သွင်းရာတွင် ဆောင်ရွက် ရမည့် အချက်အလက်များလည်း အတည်ပြုနိုင်ခဲ့သည်။ အိန္ဒိယ နိုင်ငံကဲ့သို့ ဓနသဟာယအဖွဲ့ထဲတွင် အဖွဲ့ဝင် အဖြစ် ဆက်လက် တည်ရှိနေဦး မည်လားကိုမူ အတိအကျ မဆုံးဖြတ်ရသေးပေ။

ဗိုလ်ချုပ်အောင်ဆန်းက သူ၏ မိန့်ခွန်း၌ ရှေ့ဆက်ရင်ဆိုင်ရမည့် စိန်ခေါ် မှုများအတွက် မြန်မာပြည်သူပြည်သားတို့ ယခုထက် ပို၍ စည်းကမ်းရှိ ကြရန် တိုက်တွန်းခဲ့သည်။ 

ထိုစဉ်က လွတ်လပ်ရေး ရပါက မြန်မာပြည်သည် တောက်ပသော အနာဂတ် ရရှိနိုင်မည် ဟူသော ယုံတမ်းစကားလဲ ရှိနေခဲ့သည်။ ထိုယုံတမ်းစကားသည် အမှန်တရားနှင့်မူ များစွာ ဝေးကွာလှသည်။ ၁၉၄၇ ခုနှစ်က မြန်မာနိုင်ငံ၏ စီးပွားရေးသည် ယိုယွင်းပျက်စီးနေပြီး ဒုတိယကမ္ဘာစစ်ကြောင့် အခြေခံ အဆောက်အအုံ အားလုံးနီးပါးပင် ပျက်စီး နေခဲ့သည်။ 

တိုင်းပြည်မှာ လက်နက်ကိုင် ပုန်ကုန်သူမျိုးစုံ လက်အောက်သို့ ကျရောက်နေသည်။ လက်နက်ကိုင်များထဲတွင် ကွန်မြူနစ် ပြည်သူ့စစ်များ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ပါကစ္စတန်နိုင်ငံကို ထောက်ခံသူ မူဂျာဟစ်ဒင် လက်နက်ကိုင်များ ပါဝင်သည်။ 

ထိုအခိုက် ကမ္ဘာပေါ်တွင် ဘာဖြစ်ပြန်မည်လဲ မသေချာ။ တရုတ်နိုင်ငံတွင် ကွန်မြူနစ်များက အရှေ့မြောက်ဒေသကို သိမ်းထားနိုင်လိုက်ပြီး ချန်ကေရှိတ်ကို အနိုင်တိုက်ရန် ပြင်ဆင်နေလျက်ရှိသည်။ စစ်ဒဏ်ထိ ထားသည့် ဥရောပအား ပြန်လည်ထူထောင်ရေး အစီအစဉ်တွင် ဆိုဗီယက် ပြည်ထောင်စုက မပါဝင်နိုင်ဟု ငြင်းဆန်လိုက်သောကြောင့် ဥရောပတွင် စစ်အေးတိုက်ပွဲနှင့် အာရုံများနေကြသည်။ 

အိန္ဒိယနိုင်ငံတွင် ဗြိတိသျှတို့သည် တိုင်းပြည်ကို နှစ်ခြမ်းပိုင်းရန်နှင့် ပါကစ္စတန်နိုင်ငံကို သီးသန့် နိုင်ငံတစ်ခုအဖြစ် ထူထောင်ရန် သဘောတူလိုက်သည်။ ထို့ကြောင့် လူပေါင်းသန်းနှင့်ချီကာ ဘုံပျောက် သွားတော့သည်။ အင်ဒိုနီးရှားနိုင်ငံတွင် သွေးထွက်သံယိုများသည့် လွတ်လပ်ရေးတိုက်ပွဲက ဇာတ်ရှိန်ကောင်းနေသည်။ ပါလက်စတိုင်း နိုင်ငံမှာမူ အကြမ်းဖက်မှုများ ပို၍ ပြင်းထန်နေဆဲ ဖြစ်သည်။ ဗီယက်နမ် နိုင်ငံတွင် ပြင်သစ်ကိုလိုနီများနှင့် ဟိုချီမင်းဗီယက်မင်းတို့ တိုက်ပွဲ ဖြစ်နေကြသည်။

မြန်မာနိုင်ငံသည် အခြေအနေ မကောင်းလှသော်လည်း ကျန်အာရှတိုက် ဒေသများထက်တော့ ဆိုးဝါးနေသည် မဟုတ်။ သို့သော် နောင် အနှစ် ၇၀ အတွင်း အာရှနိုင်ငံများ အားလုံးနီးပါး အားကောင်းသည်ထက် အားကောင်းလာပြီး တိုင်းသူပြည်သား အများစုမှာ အေးချမ်းသာယာ ဝပြောစွာ ရှင်သန်နေထိုင်လာနိုင်ခဲ့သည်။ မြန်မာပြည်သာလျှင် နောက်ကျ ကျန်ရစ်ခဲ့လေသည်။

ပင်လုံစာချုပ် အထိမ်းအမှတ် ပြည်ထောင်စုနေ့(၁၂-၂-၁၉၄၇)

 ၁၉၄၇ ခုနှစ် ပင်လုံစာချုပ် ချုပ်ဆိုခဲ့သော အထိမ်းအမှတ် ပြည်ထောင်စုနေ့

 ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော ပြည်ထောင်စုနေ့သည် ၁၉၄၇ ခုနှစ်က ပင်လုံစာချုပ် ချုပ်ဆိုသည့် နှစ်ပတ်လည် ဖြစ်သည်။ ပင်လုံစာချုပ်နှင့် ဆက်စပ်ပြီး ဒဏ္ဍာရီအတော်များများ ရှိသော်လည်း မည်သည့်အချက်မှာ အမှန်တကယ် ဖြစ်ခဲ့သည်ကို ခွဲခြားသိမှတ်ထားရန် အရေးကြီးလှပေသည်။

အရင်းခံအားဖြင့် ပင်လုံစာချုပ်သည် ဒုတိယကမ္ဘာစစ်အပြီး မြန်မာပြည် လွတ်လပ်ရေးယူရန် အသွင်ကူးပြောင်းရေး အစီအစဉ်များ အတွက် သဘောတူစာချုပ်တစ်ခု ဖြစ်သည်။ စာချုပ်တွင် စာပိုဒ် ၉ ပိုဒ် ပါရှိသည့် အနက်မှ ၄ ပိုဒ်မှာ ရာထူးအသစ် ဖြစ်သော တောင်တန်းဒေသများ အရေးကိစ္စနှင့် ပတ်သက်၍ ကိုယ်စားလှယ် ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်မည့် တောင်တန်းသားများ၏ ကိုယ်စားလှယ်ရာထူးနှင့် အဆိုပါ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ယာယီအမှုဆောင်ကောင်စီ အကြား ဆက်ဆံရေး အကြောင်း ဖြစ်သည်။

စာချုပ်တွင် ရှေ့ဆက်ဆောင်ရွက်ရန် လုပ်ငန်းစဉ် သုံးရပ်လည်း ပါရှိသည်။ ၎င်းတို့မှာ ကချင်ပြည်နယ် ဖွဲ့စည်းရန်၊ တောင်တန်းဒေသများကို သဘောတရားအားဖြင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးရန်နှင့် တောင်တန်းဒေသများ (ပဒေသရာဇ်ခေါင်းဆောင်များ အုပ်ချုပ်သော နယ်မြေစုများ) ရှိ ပြည်သူလူထု ဒီမိုကရေစီ ရပိုင်ခွင့်များနှင့် အကျိုးခံစားခွင့်များ ရရှိရန် ဖြစ်သည်။

ဤသို့ဖြင့် ဗြိတိသျှတို့ မြန်မာပြည်မှ ထွက်ခွာရာတွင် ကနဦး အသုံးပြုခဲ့သည့် ယန္တရားတစ်ခုသည် ယနေ့တိုင် ဆန့်ကျင်ခံရနေဆဲနှင့် ရုန့်ကြမ်းစွာ တော်လှန်ခံနေရဆဲ ဖြစ်သော အတွေးအခေါ်များကို မွေးထုတ်ပေးခဲ့သည်။

ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၇ ခုနှစ် ဇန်နဝါရီလတွင် မြန်မာပြည်လွတ်လပ်ရေး အတွက် ဗြိတိသျှအစိုးရနှင့် ညှိနှိုင်းရန် ဦးအောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လန်ဒန်မြို့သို့ ရောက်ရှိလာခဲ့သည်။ ဦးအောင်ဆန်းအား အိုင်စီအက်စ် ဦးတင်ထွဋ်က များစွာအကူအညီပေးခဲ့သည်။ ဗြိတိသျှဘက်မှ လေဘာပါတီ ခေါင်းဆောင် ဆာစတက်ဖို့ကရစ်ပ်စ် (Sir Stafford Cripps) နှင့် မြန်မာပြည်ဆိုင်ရာ အတွင်းဝန် လော့လစ်စ်တိုဝယ် (Lord Listowel) တို့က အဓိက ပါဝင်ဆွေးနွေးခဲ့ကြသည်။

ထိုဆွေးနွေးပွဲ၏ အဓိက ခေါင်းစဉ်မှာ မြန်မာပြည်ကို လွတ်လပ်ရေးပေးရန်၊ မပေးရန် မဟုတ်ပါ။ (လေဘာပါတီ အစိုးရက လွတ်လပ်ရေးပေးရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။) ကူးပြောင်းရေးဖြစ်စဉ် မည်သို့ မည်ပုံ ဖြစ်မည်ကိုသာ အဓိက ဆွေးနွေးခဲ့ကြသည်။ မြန်မာပြည်သည် ဗြိတိသျှဓနသဟာယနိုင်ငံ တစ်ခုအဖြစ် ရပ်တည်မည်လား၊ ထို့အပြင် တောင်တန်းဒေသနှင့် လူနည်းစုလူမျိုးများ၏ အနာဂတ်စသည့် ကိစ္စများကို ဆွေးနွေးခဲ့သည်။ (တောင်တန်းဒေသထဲတွင် အဓိကအားဖြင့် ချင်း၊ ကချင်၊ ကရင် တောင်တန်းနယ်များ၊ ရှမ်းနှင့် ကရင်နီ ပြည်နယ် နယ်မြေစုများ ပါဝင်သည်။)

အိန္ဒိယပြည် အပိုင်းပိုင်း ကွဲသွားနိုင်ခြေ (ပါကစ္စတန်နိုင်ငံ တည်ထောင်ရန်) မြင့်တက်လာနေသည်ကို ဦးအောင်ဆန်းနှင့် အခြားဖဆပလခေါင်းဆောင်များက သတိပြုမိကြသဖြင့် မြန်မာပြည်သည်လည်း ထိုကဲ့သို့ အပိုင်းပိုင်းကွဲသွားမည်ကို စိုးရိမ်နေခဲ့ကြသည်။ ဗြိတိသျှတို့ဘက်မှ စိုးရိမ်နေသည်မှာ မြန်မာပြည်တွင်း နိုင်ငံရေး မတည်ငြိမ်ပါက တရုတ်နိုင်ငံ၏ ပြည်တွင်းစစ်နှင့် အင်ဒိုချိုင်းနားစစ်ပွဲတို့မှ စစ်မီးများ ကူးစက်လာပြီး ကွန်မြူနစ်များ လျင်မြန်စွာ သိမ်းပိုက်သွားမည်ကို ဖြစ်သည်။

စစ်အေးကာလ ဖြစ်နေချိန်ကြောင့် ပိုမိုအရေးကြီးနေသည့် ဂရိအရေး၊ ပါလက်စတိုင်းအရေး၊ အိန္ဒိယအရေးနှင့် ပြည်တွင်းအရေးများတွင် အာရုံစူးစိုက်နေရသော ဗြိတိသျှအစိုးရက “တောင်တန်းဒေသများ”သည် လွတ်လပ်သောမြန်မာနိုင်ငံတွင် အခိုင်အမာ ပေါင်းစည်းထားဖို့ လိုကြောင်း ထောက်ပြခဲ့သည်။

ထိုအချက်မှာ ကာလကြာရှည်စွာ ကျင့်သုံးခဲ့သော ကိုလိုနီအစိုးရ၏ မူဝါဒနှင့် ဆန့်ကျင်နေသည် သာမက စစ်ကြီးအတွင်း ကချင်နှင့် ကရင်တော်လှန်ရေး တပ်သားများကို ပေးခဲ့သော ကတိကဝတ်များနှင့် တခြားစီ ဖြစ်နေခဲ့သည်။

၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သော အောင်ဆန်း-အက်တလီစာချုပ်တွင် လွတ်လပ်သော မြန်မာနိုင်ငံထဲတွင် တောင်တန်းဒေသများ သေချာပေါက် ပါဝင်ရမည်၊ သို့သော် တောင်တန်းဒေသများရှိ ပြည်သူလူထု၏ ဆန္ဒအရသာ ဖြစ်ရမည်ဟု ဖော်ပြပါရှိထားသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်တစ်ရပ်တွင် မြန်မာပြည်မရော တောင်တန်းဒေသများပါ ပါဝင်နိုင်ရန် “စုံစမ်းရေးကော်မတီ” တစ်ခု ဖွဲ့စည်းပြီး ဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။ 

၁၉၄၆ ခုနှစ် မတ်လတွင် ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက် ဦးစီးကာ ဗမာ၊ ရှမ်းနှင့် အခြားတိုင်းရင်းသား ခေါင်းဆောင်းများအတွက် “ပထမ” ပင်လုံညီလာခံကို ကျင်းပခဲ့သည်။ ယခု “ဒုတိယ” ပင်လုံညီလာခံကို ရှမ်းစော်ဘွားများက ဦးဆောင်ကျင်းပသည်။ ဖိတ်ကြားခဲ့သော ဧည့်သည်တော်များမှာ ဘုရင်ခံ၊ ဦးအောင်ဆန်း အပါအဝင် မြန်မာ့ထိပ်သီး နိုင်ငံရေးခေါင်းဆောင် ၃၀ ကျော်၊ ကရင်နီ ခေါင်းဆောင်များ၊ ကချင်နှင့် ချင်းမှ ကိုယ်စားလှယ်များ သာမက အမေရိကန်၊ တရုတ်၊ အိန္ဒိယအစိုးရတို့မှ ကိုယ်စားလှယ်များလည်း ပါဝင်သည်။

ဗြိတိသျှတို့ဘက်မှ ယခုထက် ပိုမိုလိုက်လျောလာလိမ့်မည်ဟု မျှော်လင့်ချက်ဖြင့် ကရင်ခေါင်းဆောင်များသည် ပင်လုံညီလာခံသို့ မတက်ရောက်ခဲ့ချေ။ ယင်းတို့ မတက်ရောက်ခဲ့ခြင်းသည် ဤညီလာခံ၏ အကြီးမားဆုံးသော အားနည်းချက်ပင် ဖြစ်ခဲ့သည်။

ဗြိတိသျှတို့အတွက်မှု တောင်တန်းဒေသများ၏ အနာဂတ်သည် နောက်ဆုံးအနေနှင့် စီမံရမည့် အရေးကိစ္စတစ်ခုဖြစ်ပြီး မြန်မာပြည်မှ ထွက်ခွာရန် လမ်းကြောင်းတွင် ဆူးညှောင့်ခလုတ် မဖြစ်စေလိုခဲ့။  

မြန်မာပြည်၌ ဘဏ္ဍာရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးတွင် ကျွမ်းကျင်သူမှာ ဦးတင်ထွဋ် တစ်ဦးတည်းသာ ရှိခဲ့သည်။ ယင်းသည် ညီလာခံတွင် အားသွန်ခွန်စိုက် ပါဝင်ဆွေးနွေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ပင် သဘောထားပွင့်လင်းစွာ တိုင်းရင်းသားခေါင်းဆောင်များ၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးလိုခဲ့သည်။ သို့သော် အိန္ဒိယနိုင်ငံရေး အရိပ်အရောင်များက ကြီးမားနေသလို အပိုင်းပိုင်းကွဲရန် နီးစပ်လာနေသည့် ကံကြမ္မာကို ရှောင်လွဲ၍ မရ ဖြစ်ခဲ့သည်။

ညီလာခံသို့ တက်ရောက်ခဲ့သော ဗြိတိသျှ ကိုယ်စားလှယ်များမှာ လေဘာပါတီ နိုင်ငံရေးသမား ဆာအာသာဘောတမ်လေ (Sir Arthur Bottomley) နှင့် ကာကီရောင် ဘောင်းဘီတို၊ ပန်းနုရောင်ခြေအိတ်ကို တွဲကာ အမြဲဝတ်သဖြင့် ဘုရင်ခံကို စိတ်အနှောင့်အယှက် ဖြစ်စေသော၊ နောင်အခါ ဖင်လန်နိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ် ဖြစ်လာမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ကျွမ်းကျင်သူ အဲရစ်မာ့ခ်တစ် (Eric Machtig) ဖြစ်သည်။ ဦးတင်ထွဋ်သည် အဲရစ်မာ့ခ်တစ်နှင့် အင်္ဂလန်နိုင်ငံတွင် ကျောင်းတက်စဉ်က ရက်ဂ်ဘီ (Rugby) အတူ ကစားခဲ့ဖူးသဖြင့် ခင်မင်နေခဲ့ကြသည်။

ပုံတွင် ဗိုလ်ချုပ်အောင်ဆန်းသည် (ထိုစဉ်က လေဘာပါတီနိုင်ငံရေးပညာရှင် နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်များဆိုင်ရာ ဒုတိယအတွင်းအရေးမှူး အဖြစ် လွှတ်တော်တွင် တာဝန်ယူနေသူ) အာသာ ဘော်တွန်မ်လီ နှင့် လက်ဆွဲနှုတ်ဆက်နေသည်။ ဗိုလ်ချုပ်က ဘော်တွန်မ်လီကို အိန္ဒိယနိုင်ငံ နှစ်ခြမ်းကွဲခြင်း၏ ကြီးမားသော အကျိုးဆက်သည် မြန်မာပြည်နှင့် ပင်လုံစာချုပ် အပေါ် မည်သို့သက်ရောက်နေပုံအား သေချာစွာ ပြောပြခဲ့သည်။ ဘော်တွန်မ်လီ၏ နောက်တွင် အဲရစ်မက်စတစ်ဂ် ရှိသည်။

(ဦးစော ကြိုးပေးခံရခြင်း) ၈/၅/၁၉၄၈

 ဦးစော ကြိုးပေးခံရခြင်း

 ၁၉၄၈ ခုနှစ် မေလ ၈ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံသတ်ဖြတ်မှုဖြင့် အင်းစိန်ထောင်တွင် ဦးစောအား ကြိုးပေးစီရင်ခဲ့သည်။ လုပ်ကြံမှုနှင့် ပတ်သက်၍ ပဟေဠိများစွာ ရှိသော်လည်း ဦးစော၏ ပါဝင်ပတ်သက်မှုမှာ အငြင်းပွားစရာ မရှိပေ။ 

ရုပ်အလောင်းကို ထောင်အတွင်းမှာပင် အမည်မတပ်ထားသော အုတ်ဂူတစ်ခုတွင် မြေမြှုပ်သင်္ဂြိုလ်ခဲ့သည်။ ဝဲဘက်မှ ဓာတ်ပုံမှာ ၁၉၄၁ ခုနှစ်က လန်ဒန်မြို့နှင့် ဝါရှင်တန်မြို့သို့ မြန်မာပြည်၏ နန်းရင်းဝန် (ဝန်ကြီးချုပ်) အဖြစ် ဦးစော သွားရောက်ခဲ့စဉ်ကပုံ ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ စွန့်ခွာရန် ဗြိတိသျှတို့၏ ဆုံးဖြတ်ချက် (၂၀-၁၂- ၁၉၄၆ )

 မြန်မာနိုင်ငံမှ စွန့်ခွာရန် ဗြိတိသျှတို့၏ ဆုံးဖြတ်ချက်

 ၂၀ ရာစုနှစ် မြန်မာ့သမိုင်းကြောင်း တစ်လျှောက်တွင် အရေးကြီးဆုံးသော နေ့များထဲမှ တစ်နေ့၊ အရေးကြီးဆုံးနေ့ တစ်နေ့ဟုပင် ဆိုနိုင်ပါသည်။ ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အင်္ဂလန် ဝန်ကြီးချုပ် ကလီမန့်အက်တလီ (Clement Attlee) သည် အစိုးရအဖွဲ့၏ လိုလားချက်ကို လွှတ်တော်ထံ အကြောင်းကြားလိုက်သည်။ 

“ဓနသဟာယအဖွဲ့ဝင် ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ မြန်မာပြည်ကို လွတ်လပ်ရေးပေးရန် အမြန် ဆောင်ရွက်ရန်” ဟူ၍ ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် အင်္ဂလန်ပြည်သည် မြန်မာပြည်မှ နှုတ်ထွက်ရန် ဆုံးဖြတ်လိုက်လေပြီ။ ထိုအချိန်က ကလီမန့်အက်တလီ၏ လေဘာအစိုးရသည် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသည်။ ပြည်တွင်းစီးပွားရေး ကြပ်တည်းမှုများ တောင်လိုရာလို ပုံနေပြီး အခြေအနေ မကောင်းလှ။ အိန္ဒိယ၊ ပါလက်စတိုင်းနှင့် ဂရိတို့တွင် အရေးပေါ်အခြေအနေများနှင့် ဘေးကြပ်နံကြပ် ဖြစ်နေသည်။ များမကြာမီ အိန္ဒိယပြည်တွင် လူမျိုးရေး အကြမ်းဖက်မှုများ ဖြစ်ပွားပြီး လူသန်းပေါင်းချီကာ အသက်ဆုံးရသည်။

 ပါလက်စတိုင်းနိုင်ငံနှင့် ဂရိနိုင်ငံမှာမူ စစ်မီးထတောက်လုနီးပါး အခြေအနေတွင် ရှိနေသည်။ စစ်အေးတိုက်ပွဲကလည်း စနေပြီ။ ဗြိတိသျှတပ်သား တစ်ယောက်ပြီး တစ်ယောက် စစ်တပ်မှ နှုတ်ထွက်သည်။ အင်ပါယာ တစ်ခုလုံး ပုံလဲတော့မည့် အခြေအနေတွင် ရှိနေသည်။ မြန်မာပြည်သည် အဓိကျ မကျသည့် အရေးတစ်ခုသာ ဖြစ်သည်။ အိန္ဒိယပြည်ကို လွတ်လပ်ရေး ပေးရန် သဘောတူလိုက်ပြီး ဖြစ်သဖြင့် မြန်မာပြည်သည် မဟာဗျူဟာအရ အရေးပါတော့မည် မဟုတ်ပေ။ 

(ဆိုဗီယက်တို့ကို ခုခံရာတွင် အကာအကွယ် အဖြစ် အသုံးဝင်မည့် အနာဂတ် ပါကစ္စတန်နိုင်ငံကဲ့သို့ မဟုတ်။) ငါးနှစ်ကြာ စစ်ဒဏ်ကြောင့် တစ်စစီ ဖြစ်နေသော မြန်မာပြည်ကို ပြန်လည်ထောင်မတ်ရန် ကုန်ကျစရိတ်မှာ ဗြိတိသျှတို့ တာဝန်ယူနိုင်သည့် ပမာဏထက် ပိုများနေသည်။ ရှေ့ကို မျှော်ကြည့်လျှင် မာလာယုနှင့် ဟောင်ကောင်တို့က အကျိုးအမြတ် ပိုထွက်မည့်နေရာများ ဖြစ်ကြောင်း ဗြိတိသျှတို့က သိနေသည်။ ထို့ကြောင့် “မြန်မာအစိုးရအဖွဲ့”အသစ်ကို မကြာမီ ဖွဲ့စည်းလိုက်သည်။ 

တစ်ပတ်အတွင်းပင် ကလီမန့်အက်တလီသည် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးတင်ထွဋ် နှင့် အခြားမြန်မာ ခေါင်းဆောင်များကို ဇန်နဝါရီလတွင် လန်ဒန်မြို့သို့ လာရောက်ဆွေးနွေးရန် ဖိတ်ခေါ်လိုက်သည်။ အနာဂတ် လမ်းခရီးအ တွက် အဓိကဆူးခလုတ် ဖြစ်သည့် စစ်ကြီး အတွင်း မဟာမိတ်တို့ကို အကူအညီပေးခဲ့သော ကရင်များနှင့် “အခြားတောင်တန်းဒေသ လူထု”အတွက် မည်သို့ ဖြစ်သင့်သည့်ကိစ္စကိုမူ ချန်လှပ်ထားခဲ့သည်။ ဝင်စတန်ချာချီ (Winston Churchill)၏ ဖြေကြားချက် အပါအဝင် ဆွေးနွေးပွဲ မှတ်တမ်း အပြည့်အစုံကို အောက်ပါလင့်ခ်တွင် ဖတ်ရှုနိုင်သည်။ http://hansard.millbanksystems.com/commons/1946/dec/20/burma-constitution-discussions

အထွေထွေ ရွေးကောက်ပွဲများ (၁၉၂၂ ခုနှစ်)

ဆာဂျေအေမောင်ကြီး

 

မြန်မာနိုင်ငံ၏ သမိုင်းကြောင်း တလျှောက်တွင် အထွေထွေ ရွေးကောက်ပွဲ ၁၆ ကြိမ် ကျင်းပ ပြုလုပ်ခဲ့သည်။ ပထမဦးဆုံး အထွေထွေ ရွေးကောက်ပွဲကို ၁၉၂၂ ခုနှစ် နိုဝင်ဘာလက ကျင်းပခဲ့သည်။ ထိုစဥ်က မြန်မာပြည်သည် ဗြိတိသျှ အိန္ဒိယ၏ လက်အောက်ခံ ဖြစ်နေသေးသည်။ ထိုရွေးကောက်ပွဲ များမှာ နောင်လာမည့်နှစ်တွင် မြန်မာပြည်နှင့် အခြားသော အိန္ဒိယပြည်နယ်များကို ကိုယ်ပိုင် အုပ်ချုပ်ရေး မဖြစ်စလောက်သာ ပေးမည့် ‘ဒိုင်အာခီ’အုပ်ချုပ်ရေးစနစ် အတွက် ပြုလုပ်ခြင်း ဖြစ်သည်။ ‘

 ဥပဒေပြုကောင်စီ’သစ် ဖွဲ့စည်းရေး အတွက် ပြုလုပ်သည့် ရွေးကောက်ပွဲများ ဖြစ်ပေသည်။ မြန်မာပြည်မ (ယနေ့ခေတ်၏ တိုင်းဒေသကြီးများနှင့် ရခိုင်ပြည်နယ်) တွင်သာ ရွေးကောက်ပွဲများကို ပြုလုပ်ခဲ့သည်။  သာမန်ထက် အခွန်ပိုမို ပေးဆောင်ရထားသည့် အသက် ၂၅ နှစ် ပြည့်ပြီးသူများသာ (အမျိုးသမီးများ အပါအဝင်) မဲပေးနိုင်ခွင့်ရှိသည်။ ထို့အတွက်ကြောင့် သာမန်ပြည်သူ အများစုမှာ မဲပေးခွင့် မရကြ။ ထိုစဉ်က လူဦးရေ ၁၂ သန်းခန့် ရှိသော မြန်မာပြည်တွင် ပြည်သူ ၁.၈ သန်းသာ မဲပေးခွင့် ရှိခဲ့ကြသည်။ ထို့ပြင် ဥရောပလူမျိုး၊ အိန္ဒိယလူမျိုး၊ ကရင်လူမျိုး၊ ဘိုကပြားများနှင့် စီးပွားရေး အသင်းများ အတွက်လည်း ရွေးကောက်ခံ ကိုယ်စားလှယ် နေရာများ သီးသန့် ဖယ်ထားခဲ့သေးသည်။ နေရာ ၂၀ ရာခိုင်နှုန်းကို ဘုရင်ခံက တိုက်ရိုက်ခန့်အပ်သည်။ 

မဲပေးသူမှာလည်း ၇ ရာခိုင်နှုန်းသာ ရှိသဖြင့် အလွန်ပင် နည်းခဲ့သည်။ ဦးချစ်ခိုင် ဦးဆောင်သည့် မြန်မာအသင်းချုပ်ကြီး (ဂျီစီဘီအေ) က ရွေးကောက်ပွဲများကို သပိတ်မှောက်ခဲ့သည်။ သို့ရာ၌ ဦးဘဖေ (ဦးဘဘေ)၏ အမျိုးသားပါတီမှာ အင်အား အကြီးဆုံး အဖြစ် ပေါ်ထွက်လာခဲ့ပြီး ဂျေအေမောင်ကြီး၏ အလယ်အလတ် လမ်းစဉ်လိုက်သော ပရိုဂရက်ဆစ်ပါတီကိုပင် အနိုင်ရခဲ့သည်။ ထို့နောက်တွင် ဘုရင်ခံက ပါတီနှစ်ခုလုံးမှ နိုင်ငံရေး ခေါင်းဆောင်များနှင့် အခြားပုဂ္ဂိုလ်များ ပါဝင်သော အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

ဒုတိယအကြိမ် ရွေးကောက်ပွဲကို ၁၉၂၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည်။ ဦးဘဖေ၏ ပြည်သူပြည်သား ပါတီသစ်ကပင် နေရာအများဆုံး အနိုင်ရသည်။ ဤတစ်ကြိမ်တွင်လည်း ဘုရင်ခံက ဆာဂျေအေမောင်ကြီး၏ (မူလက ပရိုဂရက်ဆစ်ပါတီ၊ အဖွဲ့ဝင် အများစုက ရွှေတောင်ကြား ရပ်ကွက်တွင် နေထိုင်သောကြောင့် ရွှေတောင်ကြား ပါတီဟုလည်း လူသိများသော) တိုးတက်ရေးပါတီနှင့်သာ အစိုးရ ဖွဲ့လိုက်သည်။

တတိယအကြိမ် ရွေးကောက်ပွဲများကို ၁၉၂၈ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည်။ ပြည်သူပြည်သား ပါတီသစ် (ပြည်သူ့ ပါတီကို ဟုမ္မရူးပါတီ၊ ဆွာရပ်ဂျပ်ပါတီတို့နှင့် ပေါင်းစည်းကာ ဦးဘဖေပင် ဦးဆောင်သည့်) ကပင် ထပ်မံ အနိုင်ရသော်လည်း ဘုရင်ခံက တိုးတက်ရေးပါတီနှင့်ပင် အစိုးရ ဖွဲ့ပြန်သည်။

စတုတ္ထအကြိမ် ရွေးကောက်ပွဲကို ၁၉၃၂ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည်။ အိန္ဒိယမှ ခွဲထွက်နိုင်ရေးသည် ယခုတစ်ကြိမ် ရွေးကောက်ပွဲ၏ အဓိက ဖြစ်ခဲ့သည်။ ခွဲရေးကို မလိုလားသော ဦးချစ်ခိုင်နှင့် ဒေါက်တာဘမော်တို့ ဦးဆောင်သည့် ပါတီများက ရဟန်းများ၊ အိန္ဒိယပိုင် လုပ်ငန်းများ၏ ထောက်ခံမှုကို တခဲနက် ရရှိခဲ့ပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။ ခွဲထွက်ရေးအသင်းချုပ်ကြီးကို ဦးဆောင်သူမှာ ဦးဘဖေသာ ဖြစ်သည်။

ပဉ္စမအကြိမ် ရွေးကောက်ပွဲကို ၁၉၃၆ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည်။ ၁၉၃၅ ခုနှစ် အိန္ဒိယအက်ဥပဒေသစ် အရ အိန္ဒိယပြည်မှ မြန်မာပြည် ခွဲထွက်ပြီးနောက် ပထမဆုံး ကျင်းပသော ရွေးကောက်ပွဲ ဖြစ်သည်။ ထိုဥပဒေအရ မြန်မာပြည် ကိုယ်ပိုင် အုပ်ချုပ်ရေး ပိုမိုခိုင်မာလာစေခဲ့သည်။ အောက်လွှတ်တော် အမတ်နေရာ ၁၃၂ နေရာတွင် ၉၁ နေရာကို တိုက်ရိုက် ရွေးကောက်တင်မြှောက် နိုင်ခဲ့သည်။ ဦးဘဖေ၏ ညီညွတ်ရေး ဂျီစီဘီအေ အဖွဲ့ချုပ်က ၄၆ နေရာ အနိုင်ရရှိခဲ့သော်လည်း များမကြာမီ ကွဲထွက်ကုန်ကြသည်။ ထို့နောက် ဘုရင်ခံက ဒေါက်တာဘမော် (၁၆ နေရာ အနိုင်ရရှိသည့် ဆင်းရဲသားပါတီ) နှင့် အခြားပါတီငယ်များကို စုပေါင်းကာ ညွန့်ပေါင်းအစိုးရ ဖွဲ့လိုက်ပြန်သည်။

ဆဌမအကြိမ် ရွေးကောက်ပွဲကို ၁၉၄၇ ခုနှစ် ဧပြီလတွင် ကျင်းပသည်။ ဤရွေးကောက်ပွဲမှာမူ မကြာမီ လွတ်လပ်ရေး ရမည့် မြန်မာပြည် အတွက် တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ ဖြစ်သည်။ တိုင်းပြည်တစ်ဝှမ်း မငြိမ်မသက် ဖြစ်မှုများကြောင့် မဲပေးသူမှာ ၅၀ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဖဆပလ အဖွဲ့ချုပ်က နေရာ အနှံ့အပြားတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။

သတ္တမမြောက် ရွေးကောက်ပွဲကို ၁၉၅၁ ခုနှစ် ဧပြီလမှ ၁၉၅၂ ခုနှစ် ဇွန်လအထိ ကျင်းပခဲ့သည်။ ပြည်တွင်းစစ်ကြောင့် လပေါင်းများစွာကြာ ကျင်းပခဲ့ရသော ရွေးကောက်ပွဲ ဖြစ်ခဲ့သည်။ မြန်မာပြည်မကြီး၏ အပြင်ဘက်ရှိ ဒေသများပါ ပါ၀င်သည့် ပထမဦးဆုံးသော ရွေးကောက်ပွဲလည်း ဖြစ်သည်။ မဲပေးသူ ၂၀ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ အဓိက အတိုက်အခံ ပါတီမှာ တော်လှန်ပုန်ကန်ဆဲ ဗမာ့ကွန်မြူနစ်ပါတီဖြစ်သည်။ ဦးနု ခေါင်းဆောင်သည့် ဖဆပလ အဖွဲ့ချုပ်က အောက်လွှတ်တော် အမတ်နေရာ ၂၅၀ တွင် ၁၉၉ နေရာ အနိုင်ရသည်။ နိုင်ငံ၏ ဒေသအတော်များများတွင် သူပုန်ဓါးပြများ ကြီးစိုးနေပြီး နိုင်ငံရေးသမားများကလည်း ကိုယ်ပိုင် လက်နက်ကိုင်တပ် ကိုယ်စီနှင့် ရှိနေကြသည်။ သို့သော်လည်း နိုင်ငံ၏ ၉၀ ရာခိုင်နှုန်းသော ဒေသများတွင် ရွေးကောက်ပွဲများ ကျင်းပခဲ့သည်။

အဌမမြောက် ရွေးကောက်ပွဲကို ၁၉၅၆ ခုနှစ် ဧပြီလတွင် ကျင်းပသည်။ ဦးနု ခေါင်းဆောင်သည့် ဖဆပလပင် အနိုင်ရသည်။ (အမတ်နေရာ ၂၅၀ တွင် ၂၀၂ နေရာကို အနိုင်ရပြီး ယှဉ်ပြိုင်သူပင် မရှိသည့် နေရာလည်း အများအပြား ရှိခဲ့သည်။) ဒုတိယ အင်အားအကြီးဆုံးသော ပါတီမှာ (လက်ဝဲ၊ လက်ယာ အတိုက်အခံ ပါတီများ စုပေါင်းပါဝင်သည့်) တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ဖြစ်သည်။ ၁၉၅၈ ခုနှစ် ဇွန်လတွင် ဖဆပလသည် ဦးနု ခေါင်းဆောင်သည့် ‘သန့်ရှင်းဖဆပလ’နှင့် ဦးဘဆွေ၊ ဦးကျော်ငြိမ်းတို့ ဦးဆောင်သည့် ‘တည်မြဲဖဆပလ’ ဟူ၍ နှစ်ခြမ်းကွဲသွားသည်။ ၁၉၅၈ ခုနှစ် အောက်တိုဘာလတွင် ထိုအုပ်စုနှစ်ခု အကြား တင်းမာမှု ပြင်းထန်လာသောကြောင့် ဗိုလ်ချုပ်နေဝင်းကို စစ်တပ်အာဏာသိမ်းရန် ‘ဖိတ်ခေါ်’ သလို ဖြစ်ခဲ့သည်။

နဝမမြောက် ရွေးကောက်ပွဲကို ၁၉၆၀ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပသည်။ စစ်အုပ်ချုပ်ရေးအောက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ မဲပေးသူ ၆၆ ရာခိုင်နှုန်း ရှိခဲ့သည်။ သန့်ရှင်းဖဆပလက ၁၅၇ နေရာ အနိုင်ရရှိပြီး တည်မြဲဖဆပလက ၄၁ နေရာ အနိုင်ရရှိသည်။ ဦးနုသည်လည်း ဝန်ကြီးချုပ် ပြန်ဖြစ်လာသည်။ နောက်နှစ်နှစ်ခန့်ကျော်တွင် စစ်တပ်က ပြန်လည်အာဏာသိမ်းခဲ့သည်။

၁၀ ကြိမ်မြောက်မှ ၁၃ ကြိမ်မြောက် ရွေးကောက်ပွဲများကို ၁၉၇၄၊ ၁၉၇၈၊ ၁၉၈၁ နှင့် ၁၉၈၅ ခုနှစ်များတွင် ပြုလုပ်ခဲ့သည်။ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ဗိုလ်ချုပ်နေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ တစ်ခုတည်းသာ ပါဝင်ခွင့် ရှိခဲ့သည်။ ထိုပြည်သူ့ဆန္ဒခံယူပွဲ လေးခုလုံးတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီကသာ ရာနှုန်းပြည့် အနိုင်ရသည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီကို ဖျက်သိမ်းကာ စစ်အစိုးရသစ် တက်လာခဲ့သည်။

၁၄ ကြိမ်မြောက် ရွေးကောက်ပွဲကို ၁၉၉၀ ခုနှစ် မေလတွင် ကျင်းပခဲ့သည်။ ၁၉၆၀ ပြည့်နှစ်က စ၍ ပထမဆုံးသော ပါတီစုံ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ခြင်း ဖြစ်သည်။ နိုင်ငံရေးပါတီများစွာ ပါဝင်ခဲ့ကြပြီး မဲပေးသူ ၇၀ ရာခိုင်နှုန်းကျော် ရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မဲစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်း၊ ၄၉၂ နေရာတွင် ၃၉၂ နေရာ အနိုင်ရသည်။ သို့သော် ရွေးကောက်ပွဲတွင် အနိုင်ရသူများမှာ ဖွဲ့စည်းပုံ ရေးဆွဲခွင့် မရသလို လွှတ်တော် ခေါ်ကာ အစိုးရအဖွဲ့ ဖွဲ့စည်းခွင့်လည်း မရခဲ့ကြပေ။ ထို့အစား စစ်အစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ရေးဆွဲရန် လုပ်ငန်းစဉ်ကို စတင်ခဲ့သည်။

ဒီမိုကရေစီ မဟုတ်တဟုတ် ပါတီစုံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတွက် ၁၅ ကြိမ်မြောက် ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည်။ ထိုရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစိအဖွဲ့ချုပ် ခေါင်းဆောင်၊ နေအိမ်အကျယ်ချုပ် ခံနေရသေးသော ဒေါ်အောင်ဆန်းစုကြည်နှင့် အကျဥ်းကျနေဆဲ ဖြစ်သည့် သူမ၏ ပါတီ၀င်များက သပိတ်မှောက်ကြသည်။  စစ်အစိုးရက ဖွဲ့စည်းသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှတ်တော်နှစ်ရပ်ပေါင်း ၆၆၄ နေရာတွင် ၃၈၈ နေရာ အနိုင်ရသည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကဲ့သို့ စစ်အုပ်ချုပ်ရေး လက်အောက်တွင် ကျင်းပခြင်း ဖြစ်သည်။ မဲပေးသူ ၇၇ ရာခိုင်နှုန်း ရှိခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင် ဦးသိန်းစိန်က သမ္မတ ဖြစ်လာခဲ့သည်။

၁၆ ကြိမ်မြောက် ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည်။ ၁၉၆၀ ပြည့်နှစ် များမှ စ၍ ထိုအချိန်ထိ ကာလအတွင်း ‘လွတ်လပ်ပြီး တရားမျှတသော’ ရွေးကောက်ပွဲ ဖြစ်သည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်းက ယူဆကြသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ်ပင် အနိုင်ရကာ မဲစုစုပေါင်း၏ ၅၅ ရာခိုင်နှုန်းကျော်ဖြင့် လွှတ်တော်နှစ်ရပ်၏ ၆၆၄ နေရာတွင် ၄၉၀ နေရာ အနိုင်ရရှိခဲ့သည်။ မဲပေးသူ ၈၀ ရာခိုင်နှုန်း ရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း အစိုးရအဖွဲ့၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။

လူမျိုးပေါင်းစုံ ပါဝင်ခဲ့သည့် ၁၉၄၈ ခုနှစ် မြန်မာအစိုးရ(၈/၁၉၄၈)

လူမျိုးပေါင်းစုံ အမှန်တကယ်ပါဝင်ခဲ့သည့် ၁၉၄၈ ခုနှစ် မြန်မာအစိုးရ

 ၁၉၄၈ ခုနှစ် သြဂုတ်လ - ကွန်မြူနစ် (အလံဖြူနှင့် အလံနီ)၊ ပြည်သူ့ရဲဘော် အစည်းအရုံးနှင့် မူဂျာဟစ်ဒင်လက်နက်ကိုင် ပုန်ကန်မှုများ အားကောင်းနေချိန်တွင် သမ္မတကြီး စပ်ရွှေသိုက်နှင့် တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစမစ်ဒွန်းတို့ ရန်ကုန်ကော်ပိုရေးရှင်း အဆောက်အဦရှေ့တွင် စစ်သားများအား ကြည့်ရှုစစ်ဆေးပုံ ဖြစ်သည်။ စစ်အုပ်ချုပ်ရေး ကြေညာထားခဲ့စဥ်က ဖြစ်သည်။ ထိုအခိုက် ဧရာဝတီမြစ်ဝှမ်း တလျှောက် ကရင်၊ ကချင်နှင့် ချင်းတပ်ရင်းများသည် မြန်မာ ကွန်မြူနစ်နှင့် ပြည်သူ့ရဲဘော် အစည်းအရုံးတို့နှင့် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။ 

ထိုအချိန် (ထိုတစ်ကြိမ်တည်းတွင်သာ) မြန်မာအစိုးရအဖွဲ့သည် ရှမ်းလူမျိုး သမ္မတကြီး စဝ်ရွှေသိုက်၊ မြန်မာလူမျိုး ဝန်ကြီးချုပ် ဦးနု၊ ဆန်းဟာ့စ်တ် စစ်တက္ကသိုလ်ဆင်း (Sandurst) ဖြစ်သည့် ကရင်လူမျိုး ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စမစ်ဒွန်း စသည်ဖြင့် အမှန်တကယ် လူမျိုးပေါင်းစုံ ပါဝင်ခဲ့သည့် အစိုးရတစ်ရပ် ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် ဗိုလ်ချုပ်ကြီး စမစ်ဒွန်းနေရာကို ဒုတိယ ဗိုလ်ချုပ်ကြီး နေဝင်းက အစားထိုးဝင်ခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်ပွဲကင်းမဲ့ခဲ့သော နေ့ရက်များ (၈/ ၁၉၄၅ - ၅/ ၁၉၄၈ )

မြန်မာနိုင်ငံတွင် စစ်ပွဲကင်းမဲ့ခဲ့သော နေ့ရက်များ

 

၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ယနေ့အချိန်ထိ မြန်မာနိုင်ငံတွင် စစ်မီး အတိငြိမ်းသည့်အချိန် ၃၁ လသာ ရှိခဲ့သည်။ ဂျပန်တို့ မဟာမိတ်တို့ထံ လက်နက်ချခဲ့သော ၁၉၄၅ ခုနှစ် သြဂုတ်လမှ ကွန်မြူနစ် လက်နက်ကိုင် တော်လှန်ရေး စတင်ခဲ့သော ၁၉၄၈ ခုနှစ် မတ်လအကြား ကာလပင် ဖြစ်သည်။ မြန်မာနိုင်ငံ၏ အနာဂတ် လမ်းကြောင်းများ အကြောင်း စဉ်းစားကြရသည့်အခါတိုင်း နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သော လက်နက်ကိုင်တိုက်ပွဲများ အကြောင်းကိုလည်း ချန်ရစ်ထား၍ မရပေ။ ဓာတ်ပုံမှာ မြန်မာပြည်၏ တောင်တန်းဒေသများနှင့် ပြည်မဒေသများကို ပေါင်းစည်းနိုင်ရန် ငြိမ်းချမ်းရေးအတွက် အဖြေရှာကြိုးပမ်းခဲ့သည့် ၁၉၄၇ ခုနှစ် တောင်တန်းဒေသ စုံစမ်းရေးကော်မတီ ဖြစ်ပါသည်။ 

ကော်မတီကို အလယ်တည့်တည့်တွင် ထိုင်နေသော ရှေ့နေတစ်ဖြစ်လဲ နိုင်ငံရေးသမား ဒေါက်တာ ရိစ်ဝီလီယံ (Dr. Rees-William - နောင်တွင် ပထမဆုံး အော့ဂ်မိုး - Ogmore မြို့စားနှင့် လန်ဒန်ဝေလအသင်း - London Welsh Association ၏ ဥက္ကဌ) က ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။ အတွင်းရေးမှုးမှာ နောက်တွင် ရပ်နေသော လက်ဒ်ဝှဒ်ဂျ် (WBJ Ledwidge) ဖြစ်ပြီး ကာကီဘောင်းဘီ၊ ပန်းရောင်ခြေအိတ်များ တွဲဖက် ဝတ်ဆင်ခြင်းကြောင့် ဘုရင်ခံ၏ မျက်စိဆံပင်မွေးစူးခြင်းကို ခံခဲ့ရသော မြန်မာရုံးမှ လူငယ်တစ်ဦး ဖြစ်သည်။ နောင်တွင် သူသည် ဖင်လန် နိုင်ငံဆိုင်ရာ သံအမတ်ကြီး ဖြစ်လာခဲ့သည်။ 

ဒေါက်တာရိစ်ဝီလီယံ၏ ယာဘက်တွင် ထိုင်နေသူမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဘဏ္ဍာရေး ကျွမ်းကျင်ပညာရှင် အိုင်စီအက်စ် ဦးတင်ထွဋ် ဖြစ်သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် ကန့်လန်ကာ နောက်ကွယ်မှ ကြိုးပမ်းဆောင်ရွက်ခဲ့သူ ဖြစ်သည်။ (လန်ဒန်မြို့နှင့် ပင်လုံညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း အလွန်အားကိုးခဲ့ရသောသူ ဖြစ်သည်။) ပြည်တွင်းစစ် ဖြစ်ပေါ်လာရခြင်း အကြောင်းရင်းများစွာ ရှိပါပေသည်။ သို့ရာတွင် အမှတ်ရသင့်သည်မှာ ဒုတိယ ကမ္ဘာစစ်ကြောင့်သာလျှင် နိုင်ငံငယ်အတွင်း လက်နက်များ ပေါများလာပြီး တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပျက်ပြား သွေးကွဲကာ ပြည်တွင်းစစ် မြေပြင်များ ပေါ်ပေါက်လာသည်ဆိုသော အချက်ဖြစ်သည်။

မြန်မာပြည်ဆိုင်ရာ စက္ကူဖြူစာတမ်း ( ၁၇ -၅- ၁၉၄၅ /၆/ ၁၉၄၆ )

စက္ကူဖြူစာတမ်း

 ၁၉၄၅ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ဗြိတိသျှအစိုးရသည် မြန်မာပြည်၏ အနာဂတ်နှင့် ပတ်သက်၍ “စက္ကူဖြူစာတမ်း” ကို တရားဝင် ထုတ်ပြန်လိုက်သည်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့  (နောက်ပိုင်းတွင် ဖဆပလဖြစ်လာ) သည် စက္ကူဖြူစာတမ်းပါ စီမံကိန်းကို ကန့်ကွက်သည်။ နောက်ဆက်တွဲမှာ မြန်မာပြည်သို့ ပြန်ရောက်လာသော ဗြိတိသျှအာဏာပိုင်များ လိပ်ခဲတည်းလည်း အခြေအနေနှင့် ရင်ဆိုင်ရသည်။ ၁၉၄၆ ခုနှစ် ဇန်နဝါရီလတွင် လန်ဒန်မြို့၌ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရသည်အထိ ဖြစ်လာသည်။ နောက်ဆုံးမှာမူ ၁၉၄၈ ခုနှစ်တွင် ဓနသဟာယ အဖွဲ့ဝင်နိုင်ငံ အဖြစ် မဟုတ်ဘဲ မြန်မာနိုင်ငံ လွတ်လပ်ရေးရသည်။

စက္ကူဖြူစာတမ်းတွင် ပါဝင်သော အဆိုပြုချက်များမှာ အောက်ပါ အတိုင်းဖြစ်သည်။

(၁) ဘုရင်ခံကိုယ်တိုင် (မြန်မာခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် အမှုဆောင်ကောင်စီ၏ အကူအညီဖြင့်) တိုက်ရိုက်အုပ်ချုပ်မည့် ကာလတစ်ခု ထားရှိရေး နိုင်ငံ့စီးပွားရေး ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေး (ထိုစဉ်က တိုင်းပြည်မှာ ဖြူခါပြာခါကျလျက် ရှိသည်)၊ ၁၉၄၈ ခုနှစ် မေလမတိုင်ခင် ရွေးကောက်ပွဲများ ကျင်းပရေး၊

(၂) ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော် စီရင်အုပ်ချုပ်မှု အက်ဥပဒေအရ အသစ် ဖွဲ့စည်းလိုက်သော မြန်မာလွှတ်တော်က ဝန်ကြီးချုပ်နှင့် အစိုးရအသစ်တို့ကို ရွေးချယ်တင်မြှောက်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် တစ်ရပ် ရေးဆွဲရေး၊

(၃) နောက်ဆုံးတွင် မြန်မာနိုင်ငံကို (သြစတြေးလျနိုင်ငံနှင့် ကနေဒါနိုင်ငံတို့ကဲ့သို့) ဗြိတိသျှ ဓနသဟာယ အဖွဲ့ဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းပြည်အဖြစ် လွတ်လပ်ရေး ပေးရေးတို့ ဖြစ်သည်။

ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့နှင့် များစွာသော မြန်မာ မျိုးချစ်ပုဂ္ဂိုလ် အပေါင်းတို့သည် (ဓနသဟာယအဖွဲ့ဝင် အဖြစ် မဟုတ်ဘဲ သမ္မတနိုင်ငံ အဖြစ် လွတ်လပ်ရေး ရမည့်အစား) လက်အောက်ခံနိုင်ငံ အဖြစ် ရပ်တည်ရခြင်း၊ စီမံကိန်းထဲတွင် (ရှမ်းပြည်နယ်ကဲ့သို့) ခြွင်းချန်နယ်မြေများ မပါဝင်ခြင်း စသည့် အချက်များကိုလည်း လုံးဝ လက်မခံနိုင်ကြပေ။

၁၉၄၅ ခုနှစ် အောက်တိုဘာလတွင် ဘုရင်ခံ ဆာရယ်ဂျီနယ် ဒေါ်မန်စမစ် (Sir Reginald Dorman-Smith) သည် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာသည်။ ထိုမတိုင်မီ ဇွန်လကလည်း အလွတ်သဘော တစ်ခေါက် လာခဲ့သေးသည်။ စက္ကူဖြူစာတမ်းကို အကောင်အထည်ဖော်ရန် တာဝန်ပေးအပ်ခံရပြီးနောက် ဖဆပလနှင့် ထိပ်တိုက် ရင်ဆိုင်ရတော့သည်။ ဗြိတိသျှတို့ မြန်မာပြည်မှ အပြီးတိုင် ထွက်ခွာရန် ဆုံးဖြတ်လိုက်ပြီး ၁၉၄၆ ခုနှစ် ဇွန်လတွင် ဘုရင်ခံ ပြည်တော်ပြန်သွားမှသာ ထိုပဋိပက္ခ ပြီးဆုံးသွားခဲ့သည်။

ဤတွင် အရေးကြီးသော အချက်မှာ ၁၉၄၆ ခုနှစ်က ဗြိတိသျှ အလုပ်သမားအစိုးရသည် မြန်မာပြည်မှ ထွက်ခွာရန် ဆုံးဖြတ်လိုက်ခြင်းမှာ မြန်မာပြည်တွင်းတွင် ဖြစ်ပျက်နေသော ကိစ္စရပ်များကြောင့် သက်သက် မဟုတ်ချေ။ (က) ၁၉၄၅ ခုနှစ် ဇူလိုင်လက ရွေးကောက်ခံရသော အလုပ်သမားပါတီသည် နယ်ချဲ့စနစ်ကို အစဉ်တစိုက် ဆန့်ကျင်ကြသူများ ဖြစ်သည်။ (ခ) အင်္ဂလန်နိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် ပါလက်စတိုင်းနိုင်ငံရှိ ပဋိပက္ခများကို ထိန်းမနိုင် သိမ်းမရနှင့် မနိုင်မနင်း ဖြစ်နေခဲ့သည်။ ထိုအချိန်တွင် ဗြိတိသျှတို့ အတွက် မြန်မာပြည်ဆိုသည်မှာ အဓိက မကျသည့် အပြင် စက္ကူဖြူစာတမ်း အကောင်အထည် ဖော်ရေး၊ မဖော်ရေးသည်လည်း အရေးမကြီးလှချေ။

စက္ကူဖြူစာတမ်းကို လက်ခံခဲ့ပါက မြန်မာပြည်သည်လည်း မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့၏ လမ်းစဉ်အတိုင်း ဖြစ်နိုင်သည်။ အင်္ဂလန်နိုင်ငံမှ ကုမ္ပဏီများ ပြန်လည် အခြေချကာ ၁၉၅၀ပြည့်နှစ် နှောင်းပိုင်းမှ လွတ်လပ်ရေး ရနိုင်ခြေ ရှိသည်။ (ဤသည်မှာ မြန်မာပြည် အတွက် ပိုကောင်းနိင်ချေ ရှိသလို ပိုဆိုးနိုင်ချေလည်း ဖြစ်နိုင်သည်။) ဖြစ်လာနိုင်သည်မှာ ပြည်တွင်းတွင် ကိုလိုနီအစိုးရကို ဆန့်ကျင်သည့် ကွန်မြူနစ်များ ပုန်ကန်ထကြွလာမည်။ စစ်အေးတိုက်ပွဲ၏ စစ်မက်များထဲ မြန်မာပြည် ပါဝင်ရပေဦးမည်။ ယင်းစာတမ်းအရ “မြန်မာပြည်မ”နှင့် “ခြွင်းချန်နယ်မြေများ” (ရှမ်းနှင့် ကရင်နီ နယ်မြေများ၊ ချင်း၊ ကရင်နှင့် ကချင်တောင်တန်းဒေသများ) အကြား ဆက်ဆံရေး မည်သို့မည်ပုံ စခန်းသွားလိမ့်မည်ကိုလည်း မိမိတို့ မှန်းဆနိုင်ရုံသာ ရှိသည်။

ဦးနုနှင့် ဂန္ဒီကို ဒေလီမြို့တွင် တွေ့ရစဉ် ( ၄ /၁၂/ ၁၉၄၇ )

 ၁၉၄၇ ခုနှစ်က ဦးနုနှင့် ဂန္ဒီကို ဒေလီမြို့တွင် တွေ့ရစဉ်

 ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က ဒေလီမြို့ရှိ ဘီလာနေအိမ် (Birla House) တွင် ဦးနုနှင့် မဟတ္တမဂန္ဒီတို့ နောက်ဆုံးအကြိမ် တွေ့ဆုံစဉ်က ရိုက်ကူးထားသော ဓာတ်ပုံ ဖြစ်သည်။ ဂန္ဒီ လုပ်ကြံမခံရမီ တစ်လ ကျော်ကျော်ခန့် အလို ဖြစ်မည်။ ဂန္ဒီက များမကြာမီ ဝန်ကြီးချုပ်ဖြစ်လာမည့် ဦးနု (ထိုစဉ်က သခင်နု) မှ လက်ဆောင်ပေးသည့် ဦးထုပ်ကို ဝတ်ဆင်ထားသည်။

အိန္ဒိယပြည်နှင့် မြန်မာပြည်တို့သည် ဗြိတိသျှကိုလိုနီ နယ်ချဲ့ ဆန့်ကျင်တော်လှန်ရေး လှုပ်ရှားမှုများနှင့် ပတ်သက်လျှင် ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းချင်း တူညီသည်။ မဟတ္တမ ဂန္ဒီသည် ရန်ကုန်မြို့သို့ သုံးကြိမ်တိုင်တိုင် ၁၉၀၂ ခုနှစ်၊ ၁၉၁၅ ခုနှစ်နှင့် ၁၉၂၉ ခုနှစ်တို့တွင် လာရောက်ခဲ့ဖူးသည်။ ဂန္ဒီသည် မြန်မာ့နိုင်ငံရေးလောက အပေါ်  ကြီးမားသော သက်ရောက်မှု ရှိခဲ့သလို မြန်မာနိုင်ငံမှလည်း ဂန္ဒီအပေါ် အကျိုးသက်ရောက်မှု ရှိခဲ့သည်။ ထိုခရီးစဉ်များသည် သူ၏ စဉ်းစားတွေးခေါ်မှု၊ ကိုလိုနီနယ်ချဲ့ အရေးကိစ္စများ၊ အမျိုးသမီးများ၏ အခန်းကဏ္ဍ စသည့် အကြောင်းအရာများ အပေါ် ရှုမြင်မှုများကို  ဩပြောင်းလဲစေခဲ့ကြောင်း ရေးသားခဲ့သည်။ 

 

လန်ဒန်မြို့တွင် ဂန္ဒီ ကျောင်းတက်နေစဉ်က ငွေကြေးထောက်ပံ့ပေးခဲ့သည့် မိတ်ဆွေရင်းချာ ဒေါက်တာ မာတာ (Dr.Mehta) မှာ မဂိုလမ်းနှင့် နောင်တွင် ရွှေတိဂုံဘုရားလမ်းတွင် နေထိုင်ခဲ့သည်။ အိန္ဒိယပြည်သည် မြန်မာပြည်၏ လွတ်လပ်ရေး လှုပ်ရှားမှုများကို များစွာ လွှမ်းမိုးမှု ရှိခဲ့သည်။ သပိတ်မှောက်ခြင်းနှင့် အလုပ်သမားအရေးတော်ပုံတို့သည် အိန္ဒိယနိုင်ငံက တင်သွင်းလာသော လှုပ်ရှားမှုများဖြစ်သည်။ ၁၉၂၂ ခုနှစ်နှင့် ၁၉၃၅ ခုနှစ်က အိန္ဒိယပြည်၌ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပွားပြီး မကြာမီပင် မြန်မာနိုင်ငံတွင် အလားတူ ဖွဲ့စည်းပုံ ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။ 

၁၉၄၆ ခုနှစ်တွင် ကလီမန့်အက်တလီ (Clement Attlee) ၏ အလုပ်သမားအစိုးရ မြန်မာပြည်မှ စွန့်ခွာရန် ဆုံးဖြတ်လိုက်ခြင်း၏ အကြောင်းရင်းမှာ မကြာမီ အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရသွားပါက မြန်မာပြည်သည် မဟာဗျူဟာအရ အရေးမပါတော့သောကြောင့် ဖြစ်သည်။ ထိုသို့မဟုတ်ပါက ဗြိတိသျှတို့၏ တွက်ချက်ဆုံးဖြတ်မှုများသည် တစ်မျိုးတစ်ဖုံ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

 

လွန်ခဲ့သော ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က အိန္ဒိယဝန်ကြီးချုပ် နရန္ဒရာမိုဒီ နေပြည်တော်သို့ အလည်အပတ် ရောက်ရှိခဲ့သည်။ လွန်ခဲ့သော နှစ်တစ်ရာကျော်ကပင် အိန္ဒိယခေါင်းဆောင်များသည် မြန်မာနိုင်ငံသို့ မကြာခဏ အလည်အပတ် လာကြသည်။ ရာဘင်ဒြာနတ် တဂိုး၊ နရန္ဒရာ မိုဒီ၊ ပန်ဒစ် နေရူး၊ ဆာဒါးပတယ်လ်၊ ဆူဘတ်ချန်ဒရာဘို့စ်၊ ဒေါက်တာ အမ်ဘေဒကာနှင့် စသူများ ဖြစ်သည်။ အိန္ဒိယပြည်၏ နောက်ဆုံးဧကရာဇ် ဗဟာဒူး ရှားဇဖာသည်လည်း ရန်ကုန်မြို့သို့ ပြည်နှင်ဒဏ်ခံခဲ့ရပြီး ယင်းရုပ်အလောင်းကို ရွှေတိဂုံစေတီတော် အနီးတစ်နေရာတွင် မြှုပ်နှံထားသည်။

လွတ်လပ်ရေးသမိုင်း

 ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော ပြည်ထောင်စုနေ့သည် ၁၉၄၇ ခုနှစ်က ပင်လုံစာချုပ် ချုပ်ဆိုသည့် နှစ်ပတ်လည် ဖြစ်သည်။ ပင်လုံစာချုပ်နှင့် ဆက်စပ်ပြီး ဒဏ္ဍာရီအတော်များများ ရှိသော်လည်း မည်သည့်အချက်မှာ အမှန်တကယ် ဖြစ်ခဲ့သည်ကို ခွဲခြားသိမှတ်ထားရန် အရေးကြီးလှပေသည်။


              အရင်းခံအားဖြင့် ပင်လုံစာချုပ်သည် ဒုတိယကမ္ဘာစစ်အပြီး မြန်မာပြည် လွတ်လပ်ရေးယူရန် အသွင်ကူးပြောင်းရေး အစီအစဉ်များ အတွက် သဘောတူစာချုပ်တစ်ခု ဖြစ်သည်။ စာချုပ်တွင် စာပိုဒ် ၉ ပိုဒ် ပါရှိသည့် အနက်မှ ၄ ပိုဒ်မှာ ရာထူးအသစ် ဖြစ်သော တောင်တန်းဒေသများ အရေးကိစ္စနှင့် ပတ်သက်၍ ကိုယ်စားလှယ် ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်မည့် တောင်တန်းသားများ၏ ကိုယ်စားလှယ်ရာထူးနှင့် အဆိုပါ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ယာယီအမှုဆောင်ကောင်စီ အကြား ဆက်ဆံရေး အကြောင်း ဖြစ်သည်။
 

                        စာချုပ်တွင် ရှေ့ဆက်ဆောင်ရွက်ရန် လုပ်ငန်းစဉ် သုံးရပ်လည်း ပါရှိသည်။ ၎င်းတို့မှာ ကချင်ပြည်နယ် ဖွဲ့စည်းရန်၊ တောင်တန်းဒေသများကို သဘောတရားအားဖြင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးရန်နှင့် တောင်တန်းဒေသများ (ပဒေသရာဇ် ခေါင်းဆောင်များ အုပ်ချုပ်သော နယ်မြေစုများ) ရှိ ပြည်သူလူထု ဒီမိုကရေစီ ရပိုင်ခွင့်များနှင့် အကျိုးခံစားခွင့်များ ရရှိရန် ဖြစ်သည်။
ဤသို့ဖြင့် ဗြိတိသျှတို့ မြန်မာပြည်မှ ထွက်ခွာရာတွင် ကနဦး အသုံးပြုခဲ့သည့် ယန္တရားတစ်ခုသည် ယနေ့တိုင် ဆန့်ကျင်ခံရနေဆဲနှင့် ရုန့်ကြမ်းစွာ တော်လှန်ခံနေရဆဲ ဖြစ်သော အတွေးအခေါ်များကို မွေးထုတ်ပေးခဲ့သည်။

               ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၇ ခုနှစ် ဇန်နဝါရီလတွင် မြန်မာပြည်လွတ်လပ်ရေး အတွက် ဗြိတိသျှအစိုးရနှင့် ညှိနှိုင်းရန် ဦးအောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လန်ဒန်မြို့သို့ ရောက်ရှိလာခဲ့သည်။ ဦးအောင်ဆန်းအား အိုင်စီအက်စ် ဦးတင်ထွဋ်က များစွာအကူအညီပေးခဲ့သည်။ ဗြိတိသျှဘက်မှ လေဘာပါတီ ခေါင်းဆောင် ဆာစတက်ဖို့ကရစ်ပ်စ် (Sir Stafford Cripps) နှင့် မြန်မာပြည်ဆိုင်ရာ အတွင်းဝန် လော့လစ်စ်တိုဝယ် (Lord Listowel) တို့က အဓိက ပါဝင်ဆွေးနွေးခဲ့ကြသည်။

                ထိုဆွေးနွေးပွဲ၏ အဓိက ခေါင်းစဉ်မှာ မြန်မာပြည်ကို လွတ်လပ်ရေးပေးရန်၊ မပေးရန် မဟုတ်ပါ။ (လေဘာပါတီ အစိုးရက လွတ်လပ်ရေးပေးရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။) ကူးပြောင်းရေးဖြစ်စဉ် မည်သို့ မည်ပုံ ဖြစ်မည်ကိုသာ အဓိက ဆွေးနွေးခဲ့ကြသည်။ မြန်မာပြည်သည် ဗြိတိသျှဓနသဟာယနိုင်ငံ တစ်ခုအဖြစ် ရပ်တည်မည်လား၊ ထို့အပြင် တောင်တန်းဒေသနှင့် လူနည်းစုလူမျိုးများ၏ အနာဂတ်စသည့် ကိစ္စများကို ဆွေးနွေးခဲ့သည်။ (တောင်တန်းဒေသထဲတွင် အဓိကအားဖြင့် ချင်း၊ ကချင်၊ ကရင် တောင်တန်းနယ်များ၊ ရှမ်းနှင့် ကရင်နီ ပြည်နယ် နယ်မြေစုများ ပါဝင်သည်။)

                       အိန္ဒိယပြည် အပိုင်းပိုင်း ကွဲသွားနိုင်ခြေ (ပါကစ္စတန်နိုင်ငံ တည်ထောင်ရန်) မြင့်တက်လာနေသည်ကို ဦးအောင်ဆန်းနှင့် အခြားဖဆပလ ခေါင်းဆောင်များက သတိပြုမိကြသဖြင့် မြန်မာပြည် သည်လည်း ထိုကဲ့သို့ အပိုင်းပိုင်းကွဲသွားမည်ကို စိုးရိမ်နေခဲ့ကြသည်။ ဗြိတိသျှတို့ဘက်မှ စိုးရိမ်နေသည်မှာ မြန်မာပြည်တွင်း နိုင်ငံရေး မတည်ငြိမ်ပါက တရုတ်နိုင်ငံ၏ ပြည်တွင်းစစ်နှင့် အင်ဒိုချိုင်းနားစစ်ပွဲတို့မှ စစ်မီးများ ကူးစက်လာပြီး ကွန်မြူနစ်များ လျင်မြန်စွာ သိမ်းပိုက်သွားမည်ကို ဖြစ်သည်။

                        စစ်အေးကာလ ဖြစ်နေချိန်ကြောင့် ပိုမိုအရေးကြီးနေသည့် ဂရိအရေး၊ ပါလက်စတိုင်းအရေး၊ အိန္ဒိယအရေးနှင့် ပြည်တွင်း အရေးများတွင် အာရုံစူးစိုက်နေရသော ဗြိတိသျှအစိုးရက “တောင်တန်း ဒေသများ”သည် လွတ်လပ်သောမြန်မာနိုင်ငံတွင် အခိုင်အမာ ပေါင်းစည်းထားဖို့ လိုကြောင်း ထောက်ပြခဲ့သည်။

ထိုအချက်မှာ ကာလကြာရှည်စွာ ကျင့်သုံးခဲ့သော ကိုလိုနီအစိုးရ၏ မူဝါဒနှင့် ဆန့်ကျင်နေသည် သာမက စစ်ကြီးအတွင်း ကချင်နှင့် ကရင်တော်လှန်ရေး တပ်သားများကို ပေးခဲ့သော ကတိကဝတ်များနှင့် တခြားစီ ဖြစ်နေခဲ့သည်။

             ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သော အောင်ဆန်း-အက်တလီစာချုပ်တွင် လွတ်လပ်သော မြန်မာနိုင်ငံထဲတွင် တောင်တန်းဒေသများ သေချာပေါက် ပါဝင်ရမည်၊ သို့သော် တောင်တန်းဒေသများရှိ ပြည်သူလူထု၏ ဆန္ဒအရသာ ဖြစ်ရမည်ဟု ဖော်ပြပါရှိထားသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်တစ်ရပ်တွင် မြန်မာပြည်မရော တောင်တန်းဒေသများပါ ပါဝင်နိုင်ရန် “စုံစမ်း ရေးကော်မတီ” တစ်ခု ဖွဲ့စည်းပြီး ဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။

               ၁၉၄၆ ခုနှစ် မတ်လတွင် ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက် ဦးစီးကာ ဗမာ၊ ရှမ်းနှင့် အခြားတိုင်းရင်းသား ခေါင်းဆောင်းများအတွက် “ပထမ” ပင်လုံညီလာခံကို ကျင်းပခဲ့သည်။ ယခု “ဒုတိယ” ပင်လုံညီလာခံကို ရှမ်းစော်ဘွားများက ဦးဆောင်ကျင်းပသည်။ ဖိတ်ကြားခဲ့သော ဧည့်သည်တော်များမှာ ဘုရင်ခံ၊ ဦးအောင်ဆန်း အပါအဝင် မြန်မာ့ထိပ်သီး နိုင်ငံရေးခေါင်းဆောင် ၃၀ ကျော်၊ ကရင်နီ ခေါင်းဆောင်များ၊ ကချင်နှင့် ချင်းမှ ကိုယ်စားလှယ်များ သာမက အမေရိကန်၊ တရုတ်၊ အိန္ဒိယအစိုးရတို့မှ ကိုယ်စားလှယ်များလည်း ပါဝင်သည်။

 

      ဗြိတိသျှတို့ဘက်မှ ယခုထက် ပိုမိုလိုက်လျောလာလိမ့်မည်ဟု မျှော်လင့်ချက်ဖြင့် ကရင်ခေါင်းဆောင်များသည် ပင်လုံညီလာခံသို့ မတက်ရောက်ခဲ့ချေ။ ယင်းတို့ မတက်ရောက်ခဲ့ခြင်းသည် ဤညီလာခံ၏ အကြီးမားဆုံးသော အားနည်းချက်ပင် ဖြစ်ခဲ့သည်။ ဗြိတိသျှတို့အတွက်မှု တောင်တန်းဒေသများ၏ အနာဂတ်သည် နောက်ဆုံးအနေနှင့် စီမံရမည့် အရေးကိစ္စတစ်ခုဖြစ်ပြီး မြန်မာပြည်မှ ထွက်ခွာရန် လမ်းကြောင်းတွင် ဆူးညှောင့်ခလုတ် မဖြစ်စေလိုခဲ့။  
 

      မြန်မာပြည်၌ ဘဏ္ဍာရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးတွင် ကျွမ်းကျင်သူမှာ ဦးတင်ထွဋ် တစ်ဦးတည်းသာ ရှိခဲ့သည်။ ယင်းသည် ညီလာခံတွင် အားသွန်ခွန်စိုက် ပါဝင်ဆွေးနွေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ပင် သဘောထားပွင့်လင်းစွာ တိုင်းရင်းသားခေါင်းဆောင်များ၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးလိုခဲ့သည်။ သို့သော် အိန္ဒိယနိုင်ငံရေး အရိပ်အရောင်များက ကြီးမားနေသလို အပိုင်းပိုင်းကွဲရန် နီးစပ်လာနေသည့် ကံကြမ္မာကို ရှောင်လွဲ၍ မရ ဖြစ်ခဲ့သည်။



      ညီလာခံသို့ တက်ရောက်ခဲ့သော ဗြိတိသျှ ကိုယ်စားလှယ်များမှာ လေဘာပါတီ နိုင်ငံရေးသမား ဆာအာသာဘောတမ်လေ (Sir Arthur Bottomley) နှင့် ကာကီရောင် ဘောင်းဘီတို၊ ပန်းနုရောင်ခြေအိတ်ကို တွဲကာ အမြဲဝတ်သဖြင့် ဘုရင်ခံကို စိတ်အနှောင့်အယှက် ဖြစ်စေသော၊ နောင်အခါ ဖင်လန်နိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ် ဖြစ်လာမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ကျွမ်းကျင်သူ အဲရစ်မာ့ခ်တစ် (Eric Machtig) ဖြစ်သည်။ ဦးတင်ထွဋ်သည် အဲရစ်မာ့ခ်တစ်နှင့် အင်္ဂလန်နိုင်ငံတွင် ကျောင်းတက်စဉ်က ရက်ဂ်ဘီ (Rugby) အတူ ကစားခဲ့ဖူးသဖြင့် ခင်မင်နေခဲ့ကြသည်။


မြန်မာနိုင်ငံသမိုင်းကြောင်းအကျဉ်း

  မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် တွေ့ရှိရသော ပရိုင်းမိတ်များ၏ မေးရိုးအပိုင်းအစများအရ မြန်မာနိုင်ငံ ၏ သမိုင်းကြောင်းသည် လွန်ခဲ့သော နှစ်သန်...