
၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က ဒေလီမြို့ရှိ ဘီလာနေအိမ် (Birla House) တွင် ဦးနုနှင့် မဟတ္တမဂန္ဒီတို့ နောက်ဆုံးအကြိမ် တွေ့ဆုံစဉ်က ရိုက်ကူးထားသော ဓာတ်ပုံ ဖြစ်သည်။ ဂန္ဒီ လုပ်ကြံမခံရမီ တစ်လ ကျော်ကျော်ခန့် အလို ဖြစ်မည်။ ဂန္ဒီက များမကြာမီ ဝန်ကြီးချုပ်ဖြစ်လာမည့် ဦးနု (ထိုစဉ်က သခင်နု) မှ လက်ဆောင်ပေးသည့် ဦးထုပ်ကို ဝတ်ဆင်ထားသည်။
အိန္ဒိယပြည်နှင့် မြန်မာပြည်တို့သည် ဗြိတိသျှကိုလိုနီ နယ်ချဲ့ ဆန့်ကျင်တော်လှန်ရေး လှုပ်ရှားမှုများနှင့် ပတ်သက်လျှင် ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းချင်း တူညီသည်။ မဟတ္တမ ဂန္ဒီသည် ရန်ကုန်မြို့သို့ သုံးကြိမ်တိုင်တိုင် ၁၉၀၂ ခုနှစ်၊ ၁၉၁၅ ခုနှစ်နှင့် ၁၉၂၉ ခုနှစ်တို့တွင် လာရောက်ခဲ့ဖူးသည်။ ဂန္ဒီသည် မြန်မာ့နိုင်ငံရေးလောက အပေါ် ကြီးမားသော သက်ရောက်မှု ရှိခဲ့သလို မြန်မာနိုင်ငံမှလည်း ဂန္ဒီအပေါ် အကျိုးသက်ရောက်မှု ရှိခဲ့သည်။ ထိုခရီးစဉ်များသည် သူ၏ စဉ်းစားတွေးခေါ်မှု၊ ကိုလိုနီနယ်ချဲ့ အရေးကိစ္စများ၊ အမျိုးသမီးများ၏ အခန်းကဏ္ဍ စသည့် အကြောင်းအရာများ အပေါ် ရှုမြင်မှုများကို ဩပြောင်းလဲစေခဲ့ကြောင်း ရေးသားခဲ့သည်။
လန်ဒန်မြို့တွင် ဂန္ဒီ ကျောင်းတက်နေစဉ်က ငွေကြေးထောက်ပံ့ပေးခဲ့သည့် မိတ်ဆွေရင်းချာ ဒေါက်တာ မာတာ (Dr.Mehta) မှာ မဂိုလမ်းနှင့် နောင်တွင် ရွှေတိဂုံဘုရားလမ်းတွင် နေထိုင်ခဲ့သည်။ အိန္ဒိယပြည်သည် မြန်မာပြည်၏ လွတ်လပ်ရေး လှုပ်ရှားမှုများကို များစွာ လွှမ်းမိုးမှု ရှိခဲ့သည်။ သပိတ်မှောက်ခြင်းနှင့် အလုပ်သမားအရေးတော်ပုံတို့သည် အိန္ဒိယနိုင်ငံက တင်သွင်းလာသော လှုပ်ရှားမှုများဖြစ်သည်။ ၁၉၂၂ ခုနှစ်နှင့် ၁၉၃၅ ခုနှစ်က အိန္ဒိယပြည်၌ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပွားပြီး မကြာမီပင် မြန်မာနိုင်ငံတွင် အလားတူ ဖွဲ့စည်းပုံ ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။
၁၉၄၆ ခုနှစ်တွင် ကလီမန့်အက်တလီ (Clement Attlee) ၏ အလုပ်သမားအစိုးရ မြန်မာပြည်မှ စွန့်ခွာရန် ဆုံးဖြတ်လိုက်ခြင်း၏ အကြောင်းရင်းမှာ မကြာမီ အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရသွားပါက မြန်မာပြည်သည် မဟာဗျူဟာအရ အရေးမပါတော့သောကြောင့် ဖြစ်သည်။ ထိုသို့မဟုတ်ပါက ဗြိတိသျှတို့၏ တွက်ချက်ဆုံးဖြတ်မှုများသည် တစ်မျိုးတစ်ဖုံ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
လွန်ခဲ့သော ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က အိန္ဒိယဝန်ကြီးချုပ် နရန္ဒရာမိုဒီ နေပြည်တော်သို့ အလည်အပတ် ရောက်ရှိခဲ့သည်။ လွန်ခဲ့သော နှစ်တစ်ရာကျော်ကပင် အိန္ဒိယခေါင်းဆောင်များသည် မြန်မာနိုင်ငံသို့ မကြာခဏ အလည်အပတ် လာကြသည်။ ရာဘင်ဒြာနတ် တဂိုး၊ နရန္ဒရာ မိုဒီ၊ ပန်ဒစ် နေရူး၊ ဆာဒါးပတယ်လ်၊ ဆူဘတ်ချန်ဒရာဘို့စ်၊ ဒေါက်တာ အမ်ဘေဒကာနှင့် စသူများ ဖြစ်သည်။ အိန္ဒိယပြည်၏ နောက်ဆုံးဧကရာဇ် ဗဟာဒူး ရှားဇဖာသည်လည်း ရန်ကုန်မြို့သို့ ပြည်နှင်ဒဏ်ခံခဲ့ရပြီး ယင်းရုပ်အလောင်းကို ရွှေတိဂုံစေတီတော် အနီးတစ်နေရာတွင် မြှုပ်နှံထားသည်။
No comments:
Post a Comment