
၂၀ ရာစုနှစ် မြန်မာ့သမိုင်းကြောင်း တစ်လျှောက်တွင် အရေးကြီးဆုံးသော နေ့များထဲမှ တစ်နေ့၊ အရေးကြီးဆုံးနေ့ တစ်နေ့ဟုပင် ဆိုနိုင်ပါသည်။ ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အင်္ဂလန် ဝန်ကြီးချုပ် ကလီမန့်အက်တလီ (Clement Attlee) သည် အစိုးရအဖွဲ့၏ လိုလားချက်ကို လွှတ်တော်ထံ အကြောင်းကြားလိုက်သည်။
“ဓနသဟာယအဖွဲ့ဝင် ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ မြန်မာပြည်ကို လွတ်လပ်ရေးပေးရန် အမြန် ဆောင်ရွက်ရန်” ဟူ၍ ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် အင်္ဂလန်ပြည်သည် မြန်မာပြည်မှ နှုတ်ထွက်ရန် ဆုံးဖြတ်လိုက်လေပြီ။ ထိုအချိန်က ကလီမန့်အက်တလီ၏ လေဘာအစိုးရသည် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသည်။ ပြည်တွင်းစီးပွားရေး ကြပ်တည်းမှုများ တောင်လိုရာလို ပုံနေပြီး အခြေအနေ မကောင်းလှ။ အိန္ဒိယ၊ ပါလက်စတိုင်းနှင့် ဂရိတို့တွင် အရေးပေါ်အခြေအနေများနှင့် ဘေးကြပ်နံကြပ် ဖြစ်နေသည်။ များမကြာမီ အိန္ဒိယပြည်တွင် လူမျိုးရေး အကြမ်းဖက်မှုများ ဖြစ်ပွားပြီး လူသန်းပေါင်းချီကာ အသက်ဆုံးရသည်။
ပါလက်စတိုင်းနိုင်ငံနှင့် ဂရိနိုင်ငံမှာမူ စစ်မီးထတောက်လုနီးပါး အခြေအနေတွင် ရှိနေသည်။ စစ်အေးတိုက်ပွဲကလည်း စနေပြီ။ ဗြိတိသျှတပ်သား တစ်ယောက်ပြီး တစ်ယောက် စစ်တပ်မှ နှုတ်ထွက်သည်။ အင်ပါယာ တစ်ခုလုံး ပုံလဲတော့မည့် အခြေအနေတွင် ရှိနေသည်။ မြန်မာပြည်သည် အဓိကျ မကျသည့် အရေးတစ်ခုသာ ဖြစ်သည်။ အိန္ဒိယပြည်ကို လွတ်လပ်ရေး ပေးရန် သဘောတူလိုက်ပြီး ဖြစ်သဖြင့် မြန်မာပြည်သည် မဟာဗျူဟာအရ အရေးပါတော့မည် မဟုတ်ပေ။
(ဆိုဗီယက်တို့ကို ခုခံရာတွင် အကာအကွယ် အဖြစ် အသုံးဝင်မည့် အနာဂတ် ပါကစ္စတန်နိုင်ငံကဲ့သို့ မဟုတ်။) ငါးနှစ်ကြာ စစ်ဒဏ်ကြောင့် တစ်စစီ ဖြစ်နေသော မြန်မာပြည်ကို ပြန်လည်ထောင်မတ်ရန် ကုန်ကျစရိတ်မှာ ဗြိတိသျှတို့ တာဝန်ယူနိုင်သည့် ပမာဏထက် ပိုများနေသည်။ ရှေ့ကို မျှော်ကြည့်လျှင် မာလာယုနှင့် ဟောင်ကောင်တို့က အကျိုးအမြတ် ပိုထွက်မည့်နေရာများ ဖြစ်ကြောင်း ဗြိတိသျှတို့က သိနေသည်။ ထို့ကြောင့် “မြန်မာအစိုးရအဖွဲ့”အသစ်ကို မကြာမီ ဖွဲ့စည်းလိုက်သည်။
တစ်ပတ်အတွင်းပင် ကလီမန့်အက်တလီသည် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးတင်ထွဋ် နှင့် အခြားမြန်မာ ခေါင်းဆောင်များကို ဇန်နဝါရီလတွင် လန်ဒန်မြို့သို့ လာရောက်ဆွေးနွေးရန် ဖိတ်ခေါ်လိုက်သည်။ အနာဂတ် လမ်းခရီးအ တွက် အဓိကဆူးခလုတ် ဖြစ်သည့် စစ်ကြီး အတွင်း မဟာမိတ်တို့ကို အကူအညီပေးခဲ့သော ကရင်များနှင့် “အခြားတောင်တန်းဒေသ လူထု”အတွက် မည်သို့ ဖြစ်သင့်သည့်ကိစ္စကိုမူ ချန်လှပ်ထားခဲ့သည်။ ဝင်စတန်ချာချီ (Winston Churchill)၏ ဖြေကြားချက် အပါအဝင် ဆွေးနွေးပွဲ မှတ်တမ်း အပြည့်အစုံကို အောက်ပါလင့်ခ်တွင် ဖတ်ရှုနိုင်သည်။ http://hansard.millbanksystems.com/commons/1946/dec/20/burma-constitution-discussions
No comments:
Post a Comment