Sunday, 13 November 2022

ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးမိန့်ခွန်း(၁၃-၇-၁၉၄၇)

 

 

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က ဦးအောင်ဆန်းသည် မြို့တော်ခန်းမ လေသာဆောင်မှ ဖစ်ရှ်ရင်ပြင် (ယခု မဟာဗန္ဓုလပန်းခြံ) ရှိ ပရိသတ်ကို နောက်ဆုံးအကြိမ် မိန့်ခွန်း ပြောကြားခဲ့သည်။ သူသည် ထိုစဉ်က ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်၏ လက်အောက်တွင် ဖွဲ့စည်းသည့် ကြားဖြတ်အစိုးရ၏ ခေါင်းဆောင် (ယခင်က ကာကွယ်ရေးနှင့် နိုင်ငံခြားရေးရာ ဝန်ကြီးနှင့် အမှုဆောင်ကောင်စီ၏ ဒုတိယ ဥက္ကဌ) ဖြစ်ခဲ့သည်။ 

ဤမိန့်ခွန်း ပြောကြားပြီး ရက်သတ္တပတ် တစ်ပတ် မပြည့်မီ ဦးအောင်ဆန်းနှင့် အမှုဆောင်ကောင်စီဝင်များ အားလုံးလိုလိုပင် လုပ်ကြံခံ လိုက်ရသောအခါ မြန်မာပြည်၏ အရေးကြီးသော အလှည့် အပြောင်း ကာလတွင် ခေါင်းဆောင်များကို ဆုံးရှုံးခဲ့ရသည်။ 

ထိုနှစ်အစောပိုင်းက ဦးအောင်ဆန်းနှင့် ကလီမန့်အက်တလီ၏ ဗြိတိသျှ အစိုးရတို့ သဘောတူညီထားခဲ့သည့် အတိုင်း ၁၉၄၇ ခုနှစ် ဧပြီလတွင် မြန်မာပြည်၏ အနာဂတ်ကို အဆုံးအဖြတ်ပေးမည့် တိုင်းပြုပြည်ပြု လွှတ်တော်တစ်ရပ် ဖြစ်ပေါ်လာစေရန် ရွေးကောက်ပွဲများ ကျင်းပခဲ့သည်။ 

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလက ကျင်းပခဲ့သော ပင်လုံညီလာခံတွင် တောင်တန်းဒေသကို ပြည်မဒေသထဲတွင် သွတ်သွင်းရာတွင် ဆောင်ရွက် ရမည့် အချက်အလက်များလည်း အတည်ပြုနိုင်ခဲ့သည်။ အိန္ဒိယ နိုင်ငံကဲ့သို့ ဓနသဟာယအဖွဲ့ထဲတွင် အဖွဲ့ဝင် အဖြစ် ဆက်လက် တည်ရှိနေဦး မည်လားကိုမူ အတိအကျ မဆုံးဖြတ်ရသေးပေ။

ဗိုလ်ချုပ်အောင်ဆန်းက သူ၏ မိန့်ခွန်း၌ ရှေ့ဆက်ရင်ဆိုင်ရမည့် စိန်ခေါ် မှုများအတွက် မြန်မာပြည်သူပြည်သားတို့ ယခုထက် ပို၍ စည်းကမ်းရှိ ကြရန် တိုက်တွန်းခဲ့သည်။ 

ထိုစဉ်က လွတ်လပ်ရေး ရပါက မြန်မာပြည်သည် တောက်ပသော အနာဂတ် ရရှိနိုင်မည် ဟူသော ယုံတမ်းစကားလဲ ရှိနေခဲ့သည်။ ထိုယုံတမ်းစကားသည် အမှန်တရားနှင့်မူ များစွာ ဝေးကွာလှသည်။ ၁၉၄၇ ခုနှစ်က မြန်မာနိုင်ငံ၏ စီးပွားရေးသည် ယိုယွင်းပျက်စီးနေပြီး ဒုတိယကမ္ဘာစစ်ကြောင့် အခြေခံ အဆောက်အအုံ အားလုံးနီးပါးပင် ပျက်စီး နေခဲ့သည်။ 

တိုင်းပြည်မှာ လက်နက်ကိုင် ပုန်ကုန်သူမျိုးစုံ လက်အောက်သို့ ကျရောက်နေသည်။ လက်နက်ကိုင်များထဲတွင် ကွန်မြူနစ် ပြည်သူ့စစ်များ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ပါကစ္စတန်နိုင်ငံကို ထောက်ခံသူ မူဂျာဟစ်ဒင် လက်နက်ကိုင်များ ပါဝင်သည်။ 

ထိုအခိုက် ကမ္ဘာပေါ်တွင် ဘာဖြစ်ပြန်မည်လဲ မသေချာ။ တရုတ်နိုင်ငံတွင် ကွန်မြူနစ်များက အရှေ့မြောက်ဒေသကို သိမ်းထားနိုင်လိုက်ပြီး ချန်ကေရှိတ်ကို အနိုင်တိုက်ရန် ပြင်ဆင်နေလျက်ရှိသည်။ စစ်ဒဏ်ထိ ထားသည့် ဥရောပအား ပြန်လည်ထူထောင်ရေး အစီအစဉ်တွင် ဆိုဗီယက် ပြည်ထောင်စုက မပါဝင်နိုင်ဟု ငြင်းဆန်လိုက်သောကြောင့် ဥရောပတွင် စစ်အေးတိုက်ပွဲနှင့် အာရုံများနေကြသည်။ 

အိန္ဒိယနိုင်ငံတွင် ဗြိတိသျှတို့သည် တိုင်းပြည်ကို နှစ်ခြမ်းပိုင်းရန်နှင့် ပါကစ္စတန်နိုင်ငံကို သီးသန့် နိုင်ငံတစ်ခုအဖြစ် ထူထောင်ရန် သဘောတူလိုက်သည်။ ထို့ကြောင့် လူပေါင်းသန်းနှင့်ချီကာ ဘုံပျောက် သွားတော့သည်။ အင်ဒိုနီးရှားနိုင်ငံတွင် သွေးထွက်သံယိုများသည့် လွတ်လပ်ရေးတိုက်ပွဲက ဇာတ်ရှိန်ကောင်းနေသည်။ ပါလက်စတိုင်း နိုင်ငံမှာမူ အကြမ်းဖက်မှုများ ပို၍ ပြင်းထန်နေဆဲ ဖြစ်သည်။ ဗီယက်နမ် နိုင်ငံတွင် ပြင်သစ်ကိုလိုနီများနှင့် ဟိုချီမင်းဗီယက်မင်းတို့ တိုက်ပွဲ ဖြစ်နေကြသည်။

မြန်မာနိုင်ငံသည် အခြေအနေ မကောင်းလှသော်လည်း ကျန်အာရှတိုက် ဒေသများထက်တော့ ဆိုးဝါးနေသည် မဟုတ်။ သို့သော် နောင် အနှစ် ၇၀ အတွင်း အာရှနိုင်ငံများ အားလုံးနီးပါး အားကောင်းသည်ထက် အားကောင်းလာပြီး တိုင်းသူပြည်သား အများစုမှာ အေးချမ်းသာယာ ဝပြောစွာ ရှင်သန်နေထိုင်လာနိုင်ခဲ့သည်။ မြန်မာပြည်သာလျှင် နောက်ကျ ကျန်ရစ်ခဲ့လေသည်။

No comments:

Post a Comment

မြန်မာနိုင်ငံသမိုင်းကြောင်းအကျဉ်း

  မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် တွေ့ရှိရသော ပရိုင်းမိတ်များ၏ မေးရိုးအပိုင်းအစများအရ မြန်မာနိုင်ငံ ၏ သမိုင်းကြောင်းသည် လွန်ခဲ့သော နှစ်သန်...